ဖျာပုံ ဩဂုတ် ၃၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် (၂၆)ကြိမ်မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဥ်ပြိုင်နိုင်ရေး(ခရိုင်အဆင့်ပြိုင်ပွဲ)ကို ဩဂုတ်လ ၂၈ ရက်နေ့ က ဖျာပုံမြို့၊ သီရိအဏ္ဏဝါခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။
ရှေးဦးစွာဖွင့်ပွဲအခမ်းအနားတွင် ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦး၊ အဖွဲ့ဝင်ဒုတိယဗိုလ်မှူးကြီးကျော်မင်းယု၊ ဦးအေးကြိုင်၊ ခရိုင်လဝက ဦးစီးမှူးဦးခင်မောင်ဌေးနှင့်အတွင်းရေးမှူး ဒုတိယရဲမှူးကြီးသန်းဦးတို့က မင်္ဂလာအချိန်တွင် (၂၆) ကြိမ်မြောက် ဆို၊က၊ ရေး၊ တီး ပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဥ်ပြိုင်နိုင်ရေး(ခရိုင်အဆင့်ပြိုင်ပွဲ)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အခြေခံပညာ(၁၀-၁၅)နှင့် (၁၅-၂၀)ဆို၊က၊ ရေး၊ တီးပြိုင်ပွဲဝင်များ၏ ဧည့်ခံဖျော်ဖြေမှုနှင့် ယှဉ်ပြိုင်မှုများကိုကြည့်ရှုအားပေးသည်။
ယင်းနောက် ဆုချီးမြှင့်ပေးအပ်ပွဲကိုဆက်လက်ကျင်းပရာ ဖျာပုံခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးဇော်လွင်ဦးက ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြိုင်ပွဲတွင်ဆုရရှိသူများကို ဖျာပုံခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ဖျာပုံ၊ ကျိုတ်လတ်၊ ဒေးဒရဲနှင့်ဘိုကလေးမြို့နယ်များမှ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌများကလည်းကောင်း၊ အကဲဖြတ်ဒိုင်အဖွဲ့များအား ခရိုင်အဆင့်တာဝန်ရှိသူများကလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့်ချီးမြှင့်ငွေများကိုအသီးသီးပေးအပ်ချီးမြှင့်ပြီး ခရိုင် ဆို၊ က၊ ရေး၊ တီး ဒုတိယတာဝန်ခံဦးမျိုးမင်းပိုင်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
အဆိုပါ (၂၆)ကြိမ်မြောက် ဆို၊က၊ ရေး၊ တီးပြိုင်ပွဲ ဗဟိုအဆင့်တွင်ပါဝင်ယှဥ်ပြိုင်နိုင်ရေး (ခရိုင်အဆင့်ပြိုင်ပွဲ)တွင် ဖျာပုံခရိုင်အတွင်းရှိ ဖျာပုံ၊ ကျိုတ်လတ်၊ ဒေးဒရဲနှင့်ဘိုကလေးမြို့နယ်များမှ အဆိုပြိုင်ပွဲဝင်(၂၀)ဦး၊ အကပြိုင်ပွဲဝင်(၇၅)ဦးနှင့် အတီးပြိုင်ပွဲဝင်(၆)ဦး စုစုပေါင်း(၁၀၁)ဦးတို့ပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသည့်ပြိုင်ပွဲဝင်များမှ တိုင်းဒေသကြီးအဆင့်ကျင်းပမည့် (၂၆)ကြိမ်မြောက် ဆို၊က၊ ရေး၊ တီးပြိုင်ပွဲတွင် ဝင်ရောက်ယှဥ်ပြိုင်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်(ပြန်/ဆက်)