မော်လမြိုင်ကျွန်းမြို့နယ်၌ ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ နိုင်ငံစီးပွားမြှင့်တင်ရေးရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများအား ဓာတ်မြေဩဇာများ စျေးနှုန်းသက်သာစွာ တိုက်ရိုက်ဖြန့်ဖြူးပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးစိုက်ပျိုးသည့်နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေနှင့် အကျုံးမဝင်သည့်တောင်သူများ၏ စိုက်ပျိုးရေးလုပ်ငန်းများတွင် လိုအပ်လျက်ရှိသော ဓာတ်မြေဩဇာများအား (၁) ဧက ပန်းတိုင်အထွက် နှုန်း(၁၀၀) တင်းပြည့်မီစေရေးအတွက် ရာသီအချိန်မီ ရရှိရေး၊ စံချိန်စံညွှန်းချက်နှင့်အညီ ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူရောင်းချပေးနိုင်ရေး မြို့နယ်အဆင့် ယူရီးယားမြေဩဇာဖြန့်ဖြူးရေးကော်မတီအဖွဲ့မှ အထက်ဌာနများ၏ လမ်းညွှန်ချက်များအညီ စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိစိုက်ပျိုး ထားသည့် မိုးစပါးများအား ပန်းတိုင်အထွက်နှုန်းပိုမို ထွက်ရှိရန်အတွက်ရည်ရွယ်၍ မိုးစပါး (၁) ဧက (၁၀၀) တင်းထွက်ရှိနိုင်သည့် ရေတော်မိုးတော်ဧရိယာများကိုသာ ရွေးချယ်ပြီး လိုအပ်သော အဓိကကျသည့် ယူရီးယား၊ ကွန်ပေါင်းမြေဩဇာများကို မူရင်းစျေးအတိုင်း စျေးနှုန်း သက်သာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးမည်ဖြစ်ကြောင်း၊ အမှန်တကယ်စိုက်ပျိုးသည့် တောင်သူများနှင့် ဓာတ်မြေဩဇာပြင်ပစျေးနှုန်း ကြီးမြင့်မှုကြောင်း မသုံးစွဲနိုင်သည့် တောင်သူများအား အမှန်တကယ်သုံးစွဲနိုင်ရန်အတွက် ရည်ရွယ်၍ ဖြန့်ဖြူးပေးခြင်းစသည့်အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီးနောက် မြို့နယ်အဆင့် ယူရီးယားမြေဩဇာ ဖြန့်ဖြူးရေးကော်မတီအတွင်းရေးမှူး (၂) ဦးကျော်ကျော်နိုင်မှ စာချုပ်ချုပ်ဆိုခြင်းနှင့်ပတ်သက်၍ လိုအပ်သည့်စည်းကမ်းချက်များနှင့် အချက်အလက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော တောင်သူများအား မြို့နယ်အဆင့်ယူရီးယားဖြန့်ဖြူးရေး ကော်မတီဥက္ကဋ္ဌ၊ အတွင်းရေးမှူး(၁)နှင့်(၂)တို့က ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

ရဲကိုမောင်