တီးတိန် ဩဂုတ် ၂၉
ချင်းပြည်နယ်တီးတိန်မြို့၌ တီးတိန်ခရိုင်နှင့် မြို့နယ်အဆင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်းပြုလုပ်သော မိခင်နို့တိုက်ကျွေးမှုစံပြမိခင်နှင့် (၂)နှစ်အောက်စံပြကလေးများ ဆုပေးအပ်ပွဲကို ဩဂုတ်လ(၂၆)ရက်နေ့က တီးတိန်မြို့ ကုတင် ၁၀၀ ဆံ့ အထွေထွေရောဂါကု ဆေးရုံအစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရှေးဦးစွာ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းက အမှာစကားပြောကြားကာ ဆေးရုံအုပ်ဒေါက်တာထောင်းရှင်းဆောမ်းခိုင်က အာဟာရနှင့်ပတ်သက်သော သိသင့်သိထိုက်သည်များ ပြောကြားခဲ့သည်။
ဆက်လက်၍ မိခင်ကလေးကျန်းမာအာဟာရလုပ်ငန်းများ တာဝန်ယူဆောင်ရွက်သော ဦးစီးအရာရှိ ဒေါ်ညောင်းလျန်းဒိမ့်က စံပြမိခင်နှင့်စံပြကလေးရွေးချယ်ပုံများ ရှင်းလင်းပြီး တာဝန်ရှိသူများက ဆုရရှိသူများဆုများ ချီးမြှင့်ပေးခဲ့သည်။
အဆိုပါအခမ်းအနားတွင် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ခရိုင်နှင့်မြို့နယ်အဆင့် ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ စံပြဆုရမိခင်နှင့် စံပြဆုရကလေးများနှင့်မိခင်များ တက်ရောက်ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)