ဖောင်းပြင်မြို့တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် ဘောလုံးအားကစားပြိုင်ပွဲကျင်းပ

ဖောင်းပြင် ဩဂုတ် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်တွင် မြို့နယ်ပညာရေးမှူးဖလား ကျောင်းအဆင့် မိုးရာသီဘောလုံးအားကစားပြိုင်ပွဲကို အ.ထ.က(ဖောင်းပြင်)ကျောင်းရှိ ဘောလုံးအားကစားကွင်း၌ ဩဂုတ်လ(၂၅)ရက်နေ့နံနက် ၇ နာရီအချိန်က ဖွင့်ပွဲအခမ်းအနားနှင့်တကွ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ အခမ်းအနားသို့ တက်ရောက်လာကြသည့် မြို့နယ်ပညာရေးမှူးနှင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ဒိုင်လူကြီးများ၊ အားကစားသမားများက နိုင်ငံတော်အလံအား အလေးပြုကြပြီး အားကစားသမားများက သစ္စာဓိဋ္ဌာန်ကို ရွတ်ဆိုသည်။ ပြီးနောက် မြို့နယ်ပညာရေးမှူး ဦးဝင်းညွှန့်က ဘောလုံးအားကစားပြိုင်ပွဲနှင့်ပတ်သက်၍ အမှာစကားပြောကြားသည်။

ထို့နောက် ပြိုင်ပွဲကိုစတင်ကျင်းပရာ အ.လ.က(ကုန်းအောက်တောင်း) ကျောင်းအသင်းနှင့် (မူလွန်)အ.မ.က (၂) ကျောင်းအသင်းတို့က ပွဲဦးထွက်အနေဖြင့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ အဆိုပါ ဘောလုံးအားကစားပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အလယ်တန်းအဆင့် ကျောင်းသားအသင်း ၈သင်းရှိကာ ပထမ၊ ဒုတိယ၊ တတိယ၊ စတုတ္ထနှင့် နှစ်သိမ့်ဆုများ အသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း၊ ဆုများကို စက်တင်ဘာလ ၃ ရက်နေ့တွင် ပေးအပ်ချီးမြှင့်ရန် လျာထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ တာဝန်ရှိသူထံက သိရသည်။

 မြို့နယ်(ပြန်/ဆက်)