ပြည်ကြီးမဏ္ဍိုင်မြို့၌ ခရမ်းကြွပ်သီးများအား စီးပွားဖြစ်စိုက်ပျိုးလျက်ရှိ

ပြည်ကြီးမဏ္ဍိုင် ဩဂုတ် ၂၉

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့သည် ရေခံမြေခံကောင်း၍  စိုက်ပျိုးရေးကို အခြေခံသည့် မြို့တစ်မြို့ဖြစ်သည်နှင့်အညီ ရာသီအလိုက် ဟင်းသီးဟင်းရွက် မျိုးစုံကို စိုက်ပျိုးလုပ်ကိုင်ကြရာ ခရမ်းကြွပ်သီးများအား စီးပွားဖြစ် စိုက်ပျိုးလုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

ဒေသခံများသည် အိမ်ရှိ မြေကွက်လပ်များတွင်လည်းကောင်း၊  ဥယျာဉ်ခြံများတွင်လည်းကောင်း သခွား၊ ငရုတ်၊ ဘူးသီး၊ ခဝဲ၊ ရုံးပတီ၊  ပဲသီး၊  ခရမ်း၊  ဥမုန်လာ၊ ဆလပ်၊  ပန်းဂေါ်ဖီနှင့်   အခြားဟင်းသီးဟင်းရွက် မျိုးစုံကို ရာသီအလိုက် စိုက်ပျိုးကြရာ ခရမ်းကြွပ်ပင်များအား မျိုးစေ့များကိုကြဲပြီးမှ အပင်ပေါက်များအား ကျင်းတူး၍ ပြန်လည်ခွဲထုတ်စိုက်ပျိုးခြင်း၊ ပိုးမွှားကျရောက်ခြင်းအန္တရာယ်မှ ကာကွယ်ရန်အတွက် သဘာဝမြေဩဇာများကျွေး ခြင်း၊ ပိုးသတ်ဆေးများ ပက်ဖျန်းပေးခြင်းဖြင့် ပြုစုစိုက်ပျိုးပြီး ရက်ပေါင်း ၆၀ အကြာတွင် စတင်ခူးဆွတ်နိုင်ပြီဖြစ်   ရာ (၅) ရက်ခြားတစ်ကြိမ် ခူးဆွတ်ရောင်းချကြောင်း သိရသည်။

ခရမ်းကြွပ်သီး အကြီး(၃)လုံးလျှင် (၁၀၀၀) ကျပ်၊ အသေး (၁၀) လုံး တစ်ထုပ်လျှင် (၅၀၀) ကျပ်အထိ ရရှိပြီး ထွက်ရှိသည့် အသီးများကို ပြည်ကြီးမဏ္ဍိုင်ရပ်ကွက်နှင့် လေညာအရှေ့ရပ်ကွက်ရှိ ဈေးဆိုင်များတွင် ဖောက်သည်သွင်းကြောင်း သိရသည်။

ခရမ်းကြွပ်သီးသည် ကျန်းမာရေးအတွက် ဆေးဖက်ဝင်၍ ပုံမှန်စားပါက အရေပြားကျန်းမာစေခြင်း၊ သွေးတိုးသက်သာစေခြင်း၊ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးခြင်း၊ အစာခြေစနစ်ကောင်းခြင်း၊ အသဲကျန်းမာခြင်း၊ ဝိတ်ကျခြင်း၊ ကိုယ်ခံအားစနစ် ကောင်းမွန်စေခြင်း၊ နှလုံးကျန်းမာခြင်း၊ စိတ်ဖိစီးမှုလျှော့ချစေခြင်းများ ရရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)