ထားဝယ်မြို့၌ အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကျင်းပ

ထားဝယ်     ဩဂုတ် ၂၉

တနင်္သာရီတိုင်းဒေသကြီးပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၏ လမ်းညွှန်မှုဖြင့် ထားဝယ်ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းတို့ပူးပေါင်း၍ စက်တင်ဘာ ၇ ရက်တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသန့်ရှင်းသောလေထုနေ့အထိမ်းအမှတ်အဖြစ် စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၂)အခြေခံ ပညာအထက်တန်းကျောင်း၌ကျင်းပသည်။

ပြိုင်ပွဲတွင်ပါဝင်ယှဉ်ပြိုင်နေသော ကျောင်းသားကျောင်းသူများအား တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်းနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးသည်။

ယခုနှစ် အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် “လေထုအရည်အ‌သွေး ကောင်းမွန်ဖို့ အရှိန်မြှင့်တင် ဆောင်ရွက်စို့- Racing  For  Air” ဟူသော ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲတွင် အထက်တန်းအဆင့် ကျောင်းသားကျောင်းသူ ၃၉ ဦး၊ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ ၆၀ တို့က ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအား ကျောင်းသုံးဗလာစာအုပ်နှင့် ဘောပင်များ၊ မုန့်များနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။

ငွေဇင်ယော်(ထားဝယ်)