ကော့သောင်း ဩဂုတ် ၂၉
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြည်သူများ အင်တာနက်အွန်လိုင်းအသုံးပြု၍ လောင်းကစားမှု၊ လိမ်လည်မှုနှင့်ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်း၊ ဗီဒီယိုပြသခြင်းနှင့် လူငယ်ရေးရာအသိပညာပေးဟော ပြောခြင်းများကို ယမန်နေ့နံနက်ပိုင်းတွင် အ.ထ.က (ခွဲ) အ.လ.က ၂ ကျောင်းတွင် ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပညာပေး ဟောပြောပွဲတွင် ကော့သောင်းခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့မှ တာဝန်ရှိသူများက Facebook၊ Viber၊ Telegram စသည်တို့ကို အသုံးပြု၍ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများသို့ လိမ်လည်စည်းရုံး ခေါ်ဆောင်သည့် နည်းလမ်းများ၊ အွန်လိုင်းငွေကြေးလိမ်လည်မှုလုပ်ငန်းများတွင် သတိပြုရှောင်ရှားနိုင်ရေးနှင့် ငွေကြေးလိမ်လည်မှုများ ကင်းဝေးနိုင်စေရေးတို့အတွက် သတိပြုရမည့်အချက်များ၊ လူပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများထံမှ လိမ်လည်လှည့်ဖြားရယူခြင်းများ၊ လောင်းကစားမှု၊ လိမ်လည်မှုနှင့် ဆိုက်ဘာလုံခြုံရေးဆိုင်ရာများအား သတိပြုဆင်ခြင်နိုင်ရေး နှင့်ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာအသိပညာပေးအကြောင်းအရာများ နှင့် လူကုန်ကူးမှုအန္တရာယ်အကြောင်း အသိပညာပေးဟောပြောခဲ့သည်။
ယင်းနောက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်သူဇာလှိူင်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးအကြောင်းအရာများ၊ အင်တာနက်အသုံးပြု၍ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် သတင်းတု၊ သတင်းမှားတင်ခြင်း၊ နိုင်ငံရေးတိုက်ခိုက်ပြောဆိုခြင်းများနှင့် ပတ်သက်၍ လူငယ်များ သိသင့်သိထိုက်သည်များ၊ သတိပြုလိုက်နာရန် လိုအပ်သည်များ အသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လန်ချန်း-မဲခေါင်တရားဥပဒေစိုးမိုးရေးနှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာနမှ ပေးပို့ထားသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ၂ ခုအား ပြသပေးခဲ့ပြီး တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)