ကြံခင်းမြို့၌ အခြေခံစားသောက်ကုန်များကို ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

ကြံခင်း ဩဂုတ် ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ​ကြံခင်းမြို့၊ မဟာဘောဂလမ်း၊ ဈေးတာဝန်ခံရုံးရှေ့တွင် အခြေခံပြည်သူများ ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူနိုင်စေရန် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ် ကျဆင်းရေးကော်မတီက ယနေ့နံနက် ၈ နာရီက အခြေခံစားသောက်ကုန်များဖြစ်သော ကြက်ဥ၊ စားအုန်းဆီနှင့် အသားများကို စျေးနှုန်းသက်သာသောစွာဖြင့် ဝယ်ယူနိုင်စေရန်အတွက် ရောင်းချပေးလျက်ရှိသည်။

ထိုသို့ ရောင်းချပေးရာတွင် မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီနှင့် လုပ်ငန်း ရှင်များပူးပေါင်း၍ ကြက်ဥငါးလုံးပါတစ်ထုပ်လျှင် ငွေကျပ် ၂၀၀၀ ကျပ်၊ ဆီ ငါးဆယ်ကျပ်သားလျှင် ငွေကျပ် ၃၅၀၀၊ ဝက်သားနှင့် အမဲသား (၂၅ ကျပ်သား)လျှင်  ငွေကျပ် ၅၀၀၀ နှုန်းတို့ဖြင် မြို့နယ် အထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ စည်ပင်သာယာရေးအဖွဲ့မှ ဝန်ထမ်းများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပုဂ္ဂလိကဆီလုပ်ငန်းရှင်များက စားသုံးသူများလက်ဝယ် အရောက် စနစ်တကျရောင်းချပေးခဲ့သည်။

အဆိုပါရောင်းချနေမှုကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများက ဒေသခံပြည်သူများ စနစ်တကျဝယ်ယူနေမှု တို့ကို  ကြည့်ရှုအားပေးကာ လိုအပ်သည်များကူညီ ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း(​ပြန်/ဆက်)