ကျုံပျော်မြို့နယ်၌ သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေး သရုပ်ပြပွဲပြုလုပ်

ကျုံပျော် ဩဂုတ် ၂၉

မြေလွှာပျက်စီးမှုမှကာကွယ်ရန်နှင့် တောင်သူများရေရှည်အကျိုးစီးပွားဖြစ်ထွန်းစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် ကျီးအိုင်ကျေးရွာအုပ်စု၊ တောင်သူ ဦး‌မန်းစိုးသိန်း၏ ခြံမြေအတွင်း၌ ၂၀၂၅ ခုနှစ် မိုးစပါးရာသီတွင် သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်း တောင်သူပညာပေး သရုပ်ပြပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်သည်။

အခမ်းအနားသို့  ကျုံပျော်ခရိုင်စီမံခန့်ခွဲ‌ရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူများ စုစုပေါင်းအင်အား (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြသည်။

ဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး‌ကော်မတီဥက္ကဋ္ဌက အမှာစကားပြောကြားပြီး  စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က ဗေဒါမြေဆွေးပြုလုပ်ပုံအဆင့်ဆင့်နှင့် ရရှိမည့်အကျိုးကျေးဇူးများ၊  မြေဆီလွှာအတွက် အကျိုး ဖြစ်ထွန်းမှုများကို တောင်သူများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် တက်ရောက်လာသူများက  သဘာ၀‌‌မြေသြဇာ (ဗေဒါမြေဆွေး) လက်တွေ့ပြုလုပ်သုံးစွဲခြင်းအား ကြည့်ရှုအားပေးခဲ့ပြီး ဦးမန်းစိုးသိန်း စိုက်ပျိုးထား‌‌သော ပီလောပီနံ(၂)နှစ် (၃)သီး သီးနှံပုံစံလေ့လာခြင်း သုတေသနစမ်းသပ်ကွက် အောင်မြင်ဖြစ်ထွန်းနေမှု အခြေ‌‌အနေအား လေ့လာကြည့်ရှုခဲ့‌ကြကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)