အင်္ဂပူ သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်၊ ကွင်းကောက်ဒေသအတွင်းရှိကျေးရွာ အုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ သိရှိစေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ကွင်းကောက်(မြောက်) ကျေးရွာမြတ်ဓမ္မရောင်ခြည်သာသနာ့ဗိမာန်တော်တွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ဒုမြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးသီဟက အမှာစကားပြောကြားခဲ့ပြီး မြို့နယ်ကော်မရှင်အရာရှိဦးသူရလှိုင်က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)နှင့်ပတ်သက်သည့်အချက်အလက်များကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့်ဒေသခံပြည်သူများမှ မြန်မာ အီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကိုမဲဆန္ဒရှင်ပြည်သူများက စိတ်ပါဝင်စားစွာဖြင့် စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
အဆိုပါမြန်မာအီလက်ထရောနစ် မဲပေးစက်အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများဆောင်ရွက်ရာသို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသီဟ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးသူရလှိုင်နှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံပြည်သူ (၅၀၀၀)ဦးခန့်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
မန်းကျော်(ပြန်/ဆက်)