ပွင့်ဖြူ ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း၊ အမျိုးသမီးရေးရာအဖွဲ့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ ပညာရေးဌာနနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ ၂ နာရီက ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က ကျောင်းသား၊ ကျောင်းသူများ ဆက်သွယ်ရေးလိမ်လည်မှုဖြစ်စဉ်များနှင့်ပတ်သက်ပြီး ကြိုတင်ကာကွယ်နိုင်ရန် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ Video – Clip ကို ပညာပေးပြသခဲ့ပြီး မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မော်မော်ဇင်က ဆက်သွယ်ရေးလိမ်လည်မှုဖြစ်ပွားရခြင်းအကြောင်းအရာများနှင့် ကာကွယ်တားဆီးရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြား၍ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ဒုတိယမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး မင်းအောင်က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဥပဒေများနှင့် အရေးယူဆောင်ရွက်ရေး လုပ်ငန်းများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများက ဆင်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ ဆွေးနွေးဟောပြောသည့် အကြောင်းအရာများနှင့် စပ်လျဉ်း၍ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြရာ ဌာနဆိုင်ရာများက ပြန်လည်ရှင်းလင်းဖြေကြားပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှိုင်ဝင်းလေး(ပွင့်ဖြူမြေ)