ကျုံပျော် ဩဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ်တွင် ၂၀၂၅-၂၀၂၆ မိုးစပါးရာသီ၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး အစီအစဉ်တွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသော တောင်သူများအား သွင်းအားစုဓာတ်မြေဩဇာများ ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခြင်းအခမ်းအနားကို ကျုံပျော်မြို့ ဧရာမင်းခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ပြုလုပ်သည်။
ဦးစွာ ကျုံပျော်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက ဧရာဝတီတိုင်းဒေသကြီးသည် စိုက်ပျိုးရေးကို အဓိကအားထားရသော ဒေသဖြစ်ပြီး မြန်မာနိုင်ငံ၏ စပါးကျီဟု ခေါ်ဆိုနိုင်ကြောင်း၊ တောင်သူများ၏ လယ်ယာထွက်ကုန်မြင့်မားမှ အားလုံး၏ လူမှုစီးပွားဘဝများဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် လယ်ယာ သွင်းအားစုများကို စနစ်တကျထည့်သွင်း၍ လယ်ယာကဏ္ဍကို ပိုမိုတိုးတက်အောင် ဆောင်ရွက်ကြစေလိုကြောင်းဖြင့် အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းနှင့် ကော်မတီဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် ကော်မတီဝင်များက ရပ်ကွက်နှင့် ကျေးရွာအုပ်စုများရှိ တောင်သူများထံသို့ သွင်းအားစုဓာတ်မြေဩဇာများ အသီးသီးဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)