ငွေဆောင် သြဂုတ် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မဲဆန္ဒရှင်ပြည်သူများ မှန်ကန်မြန်ဆန်လွယ်ကူစွာ ဆန္ဒမဲပေးနိုင်စေရေးတို့အတွက် ပုသိမ်မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ငွေဆောင်မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက ငွေဆောင်မြို့နေ မဲဆန္ဒရှင်ပြည်သူများအား မြန်မာ့အီလက်ထရောနစ်မဲပေးစက်( MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးနည်းသရုပ်ပြခြင်းတို့ကို ယမန်နေ့နံနက်( ၉)နာရီအချိန်က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် ပုသိမ်မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးအောင်မြတ်ဇော်နှင့် အဖွဲ့ဝင်များမှ ငွေဆောင်မြို့ အမှတ်( ၁၊ ၂၊ ၃) ရပ်ကွက်နေ ပြည်သူများအား အမှတ်(၃) ရပ်ကွက်၊ မြို့ဦးဓမ္မာရုံ၌လည်းကောင်း၊ သဇင်ကျေးရွာအုပ်စုနေ ပြည်သူများအား သဇင်ကျေးရွာ( မြောက်ပိုင်း) ဥတ္တရာရာမဘုန်းတော်ကြီးကျောင်း၌လည်းကောင်း၊ အမှတ်(၄) ရပ်ကွက်နေ ပြည်သူများအား အမှတ်(၄) ရပ်ကွက်၊ ရှောက်ချောင်းဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ လည်းကောင်း တွေ့ဆုံကာ မြန်မာ့အီလက်ထရောနစ်မဲပေးစက်( MEVM) ဖွဲ့စည်းတည်ဆောက်ပုံ ၊ မဲပေးစက်တပ်ဆင်နည်း၊ ထိန်းချုပ်စက်ကိုင်တွယ်အသုံးပြုနည်းနှင့် မဲဆန္ဒရှင်ပြည်သူများ၏ ဆန္ဒမဲပေးနည်းအဆင့်ဆင့်တို့ကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့ကြသည်။ ထို့နောက် တက်ရောက်လာကြသော မဲဆန္ဒရှင်ပြည်သူများက မြန်မာ့အီလက်ထရောနစ် မဲပေးစက်( MEVM) ဖြင့် ကိုယ်တိုင်လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး သိရှိလိုသည်များကို တာဝန်ရှိသူများနှင့် အပြန်အလှန်မေးမြန်းဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
ငွေဆောင်(ပြန်/ဆက်)