စလင်း သြဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်းဆောင်ရွက်သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အမှတ်(၂) အခြခံပညာအထက်တန်းကျောင်း၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သဲသဲ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်း ဒေါ်မိုးမိုးတို့က အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန် ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အွန်လိုင်းမှ တစ်ဆင့်လောင်းကစားမှု၊ လိမ်လည်မှုများအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေး ဟောပြောခဲ့သည်။
ထို့နောက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC)မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပရိုဂျက်တာဖြင့် ပြသခဲ့ရာကျောင်းသား၊ ကျောင်းသူများမှ စိတ်ဝင်တစား ကြည့်ရှုခဲ့ကြောင်း သိရသည်။
မောင်လွင်(စလင်း)