မင်းဘူး ဩဂုတ် ၂၉
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မင်းဘူးမြို့ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) မြို့မကျောင်းခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာ မင်းဘူးခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဌေးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့စခန်းမှူး၊ ဒုရဲမှူး ကျော်မြတ်သူက Online လိမ်လည်မှုအကြောင်းသိကောင်းစရာများနှင့်ပတ်သတ်၍လည်းကောင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်းနှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင်တို့က ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အကြောင်းအရာများကို အသိပညာပေးကာ ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။
ထို့နောက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနတို့မှ ပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေး ဗီဒီယိုကလစ် ၂ ခုအားပြသရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူလေးများက ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲအခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မာမာဌေးနှင့် အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဆရာ၊ ဆရာမများ စုစုပေါင်း (၁၅၀) ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဇေယျာနိုင်(ရွှေကန်မြေ)