ထားဝယ် ဩဂုတ် ၂၈
တနင်္သာရီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏( ၄/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို ယနေ့ မွန်းလွဲ ၁ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက ရင်းနှီးမြှုပ်နှံမှုသည် ဒေသတစ်ခုအတွက် အရေးကြီးကြောင်း၊ ရင်းနှီးမြှုပ်နှံမှုများလေလေ တိုင်းဒေသကြီးအတွက် ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများစွာရရှိမှာဖြစ်ကြောင်း၊ လုပ်ငန်းများစွာ လည်ပတ်ရန်၊ ရင်းနှီးမြှုပ်နှံမှုများစွာရှိပါက ဒေသအတွင်းပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းနှင့် စားဝတ်နေရေးအဆင်ပြေနိုင်ကြောင်း၊၊ စက်မှုလက်မှုလုပ်ငန်းများ၊ ခရီးသွားလုပ်ငန်းများ လုပ်ကိုင်မည်ဆိုပါက အဆောက်အဦ၊ စက်ရုံအလုပ်ရုံဆောက်လုပ်မည့် မြေနေရာနှင့် မြေအမျိုးအစားများအား မှန်ကန်စွာအသုံးချနိုင်ရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးတွင် ရင်းနှီးမြှုပ်နှံမှု အတိုင်းအတာတစ်ခုအထိ ဆောင်ရွက်နေကြကြောင်းပြောကြားသည်။
ထို့နောက် မြိတ်ခရိုင်၊ ကျောက်ဖျာကျေးရွာအုပ်စု၊ ငါးအမှုန့်ကြိတ်လုပ်ငန်းနှင့် ဆက်စပ်လုပ်ငန်း ဆောင်ရွက်နေသော Shwe Pale Thi Co.,Ltd.. က ရင်းနှီးမြှုပ်နှံမှုပမာဏတိုးမြှင့်ရန်နှင့် လုပ်ငန်း အတွက် လိုအပ်နေသော စက်နှင့်ဆက်စပ်ပစ္စည်းများ ပြည်ပမှတင်သွင်းခွင့်ပြုနိုင်ရေး တင်ပြလာခြင်းနှင့် စပ်လျဉ်း၍ လည်းကောင်း၊ ဆန်းချီလမ်း၊ ဆန်းချီရပ်ကွက်၊ ထားဝယ် မြို့နယ် တွင် ဟိုတယ်ဝန်ဆောင်မှု လုပ်ငန်း ဆောင်ရွက်နေသောDeluxe(369) Co.,Ltdက လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံနေရသော အခက်အခဲများနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များက ဆွေးနွေး တင်ပြချက်များ အပေါ်တွင် လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးကြပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ညှိနှိုင်းဆောင်ရွက်ပေးသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)