တနင်္သာရီတိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများစီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်း

ထားဝယ်       ဩဂုတ် ၂၈

တနင်္သာရီတိုင်းဒေသကြီးမြေလွတ် မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီ (၈/၂၀၂၅)ကြိမ်မြောက် နှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့( ၈/၂၀၂၅ )ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက ထားဝယ်မြို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် တိုင်းဒေသကြီး မြေလွတ်၊ မြေလပ်နှင့်မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ဥက္ကဋ္ဌ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက မြေလွတ်၊ မြေလပ်နှင့် မြေရိုင်းများ စီမံခန့်ခွဲရေးကော်မတီနှင့် လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို လစဉ်ပုံမှန်ပြုလုပ်လျက်ရှိကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ တိုင်းဒေသကြီး အနေဖြင့်အရေးကြီး‌ ကြောင်း၊ မြေယာများကိုမှန်ကန်စွာအသုံးချနိုင်ပါက  တိုင်းဒေသကြီး ဂျီဒီပီတိုးတက်လာကြောင်း၊ GDP တိုးတက်ရေးတွင် မြေယာများကိုစနစ်တကျ လုပ်ကိုင်နိုင်အောင်စီမံခန့်ခွဲပေးရသလို ဆောင်ရွက်ပေးထားသော မြေယာများကိုအသုံးမပြုဘဲထားမည်ဆိုပါက အခက်အခဲများဖြစ်ပေါ်လာနိုင်ကြောင်း၊ တိုင်းဒေသကြီးတွင် မွေးမြူရေးနှင့်ပတ်သက်၍ လာရောက်လျှောက်ထားသူများပြားကြောင်း၊ မိမိတို့ တိုင်းဒေသကြီးအနေဖြင့် သားငါးကဏ္ဍတွင် နိုင်ငံခြားဝင်ငွေရရှိအောင် ဆောင်ရွက်ပေးနေသော တိုင်းဒေသကြီးတစ်ခုဖြစ်ကြောင်း၊  အောင်မြင်ဖြစ်ထွန်းနေသည့် ပုစွန်မွေးမြူရေးကို အသိအမှတ်ပြုပါကြောင်း၊ ယခုအခါ ပုစွန်ကန်သည်မွေးပြီးကန် ၃၅၀ ကျော်ပြီးတစ်ကန်လျှင် နှစ်ဧကခွဲခန့်ရှိကြောင်း၊  တစ်နှစ်လျှင်ပုစွန်တန်ချိန် တစ်သောင်းခန့်ထွက်ရှိကြောင်း၊ ပွင့်လင်းရာသီရောက်ရှိလာပါက ပုစွန်အား ထပ်မံထည့်ပြီးမွေးမြူရေး ၁၇၁ ကန် ဆောင်ရွက်ရန်လျာထားသောကြောင့် စုစုပေါင်း ကန် ၄၀၀ ကျော် ဆောင်ရွက်နိုင်မည် ဆိုပါက တိုင်းဒေသကြီးတွင် ကိုယ်ပိုင်မျိုးထုတ်သည့် လုပ်ငန်းကို လုပ်ကိုင်နိုင်ကြောင်း၊ ပုစွန်မွေးမြူရေး နည်းစနစ်မှန်ကန် အကျိုးအမြတ် ဖြစ်ထွန်းလာပြီး နိုင်ငံခြားဝင်ငွေရရှိသောကြောင့် အောင်မြင်ကြောင်း၊  ပုစွန်သားပေါက် ထုတ်လုပ်ရေး လုပ်ငန်းအား တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း၊  ပုစွန်အစာသည်လည်းအရေးကြီးပြီး  ပြင်ပက ဝယ်ယူတင်သွင်းရသောကြောင့် အခက်အခဲရှိကြောင်း၊  မျိုးစိတ်နှင့်အစာ ထုတ်လုပ်နိုင်မည်ဆိုပါက ပုစွန်အနေဖြင့် နှစ်ဆရရှိနိုင်ကြောင်း၊ တိုင်းဒေသကြီးအနေဖြင့် ခရီးသွားကဏ္ဍဖွံ့ဖြိုးတိုး တက်ရေးအတွက် ကျွန်း၊ စခန်းများ ဟိုတယ်များသည် အရေးကြီးကြောင်း၊ လယ်ယာမြေနှင့်ပတ်သက်၍ လုပ်ငန်းများဆောင်ရွက်ရာတွင် အောင်မြင်အောင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက် ပေးရန် လိုအပ်ကြောင်း ပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးမြေစာရင်းအင်းဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးက ဆောင်ရွက်ထားရှိမှုအခြေအနေများအား ရှင်းလင်းတင်ပြရာ ကော်မတီအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းဆွေးနွေးကြကြောင်း သတင်းရရှိသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)