ဖြူးမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများ သင်ယူလေ့ကျင့်မှုကောင်းမွန်စေရေး ကျောင်းကောင်စီအသင်းလိုက်၊ အတန်းလိုက် သင်ထောက်ကူ ပြိုင်ပွဲကျင်းပ

ဖြူး သြဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ဖြူးမြို့နယ်၊ အ.ထ.က(၁)အမျိုးသားကျောင်း၌ ကျောင်းသား၊ ကျောင်းသူများအတွက် သင်ယူလေ့ကျင့်မှုလွယ်ကူစေခြင်း၊ သင်ခန်းစာများအတွက် ထိရောက်စေခြင်း၊ စည်းလုံးညီညာပျော်ရွှင်စွာ မိမိတို့၏ ပညာရေးအတွက် ယှဉ်ပြိုင်စိတ်များ ရှိစေရေးအတွက်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ သင်ထောက်ကူပြိုင်ပွဲကို ယမန်နေ့၊ နံနက်(၇) နာရီအချန်မှ မွန်းလွဲ(၂)နာရီအချိန်ထိ အဆိုပါကျောင်း၊ ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သင်ထောက်ကူပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်မျိုးဖြူက ပြိုင်ပွဲပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားသည်။ ထို့နောက် ပြိုင်ပွဲကျင်းပရာ မူလတန်းအဆင့်တွင် Grade-4၊ Grade-5 အဖွဲ့(၆)ဖွဲ့၊ အလယ်တန်းအဆင့်တွင် Grade-6 မှ Grade-9 ထိ အဖွဲ့(၂၄)ဖွဲ့၊ အထက်တန်းအဆင့်တွင် Grade-10၊ Grade-11 အဖွဲ့(၂၃)ဖွဲ့ ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါသင်ထောက်ကူပြိုင်ပွဲယှဉ်ပြိုင်မှုအား အဖိုးနည်းဝန်ပါဆု၊သင်ခန်းစာနှင့် ချိတ်ဆက်မှုအကောင်းဆုံးဆု၊ တီထွင်ဖန်တီးမှုဆု၊ တင်ပြမှုစွမ်းရည်ဆု၊ လူကြိုက်အများဆုံးဆု၊ စည်းလုံးမှုနှင့် တက်ကြွမှုဆု၊ အသေသပ်ဆုံးနှင့် အလှပဆုံးဆုများအနေဖြင့် ရွေးချယ်၍ ဆုရရှိသူများအား ကျောင်းစုံညီပွဲတော်အခမ်းအနားတွင် ဆုချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။

နေမျိုးလွင် (ပြန်/ဆက်)