ဘိုကလေး ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ဒေါင့်ကြီးကျေးရွာအုပ်စုတွင် ယနေ့နံနက်(၁၀)နာရီအချိန်၌ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပဆောင်ရွက်သည်။
အဆိုပါ အခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်ပိုးဒါလီနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်များ၊ မဲပေးစက်ကိုင်နည်းပြ ဌာနဆိုင်ရာများ၊ နိုင်ငံရေးပါတီများ၊ ဒေါင့်ကြီးနှင့်ရေကျော်တိုး ကျေးရွာအုပ်စုများမှ မဲဆန္ဒရှင်ပြည်သူများ အင်အား (၁၂၀၀)ခန့် တက်ရောက်ပြီး မြို့နယ်ရွေးကောက်ပွဲ အရာရှိဒေါ်ပိုးဒါလီနှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းသော အကြောင်းအရာများ၊ အီလက်ထရောနစ်မဲပေးစက်အသုံးပြု၍ မဲပေးခြင်း၏ အားသာချက်များအား ရှင်းလင်းပြောကြားပြီး အခမ်းအနားသို့ တက်ရောက်ကြသော မဲဆန္ဒရှင်ပြည်သူများက တစ်ပျော်တစ်ပါးစုပေါင်း၍ စမ်းသပ်မဲပေးကြသည်။
မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအနေဖြင့် အဆိုပါ မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း လုပ်ငန်းအား စက်တင်ဘာ (၁၁)ရက်နေ့အထိ နေ့စဉ် မြို့နယ်တွင်းရှိ မဲဆန္ဒနယ်မြေအသီးသီးမှ မဲဆန္ဒရှင်ပြည်သူများအား အသိပညာပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ပြန်/ဆက်)