ဒေးဒရဲ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိခင်နှင့်ကလေးများအာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု (စတုတ္ထပတ်) အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆားစက်များ၊ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆား ရောင်းချမှု၊ အရည်အသွေးစစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများအား ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်း၍ မြို့ပေါ် ရပ်ကွက်များရှိ ဆားစက်များ၊ မြို့မဈေးနှင့် ရပ်ကွက်များရှိ ကုန်စုံဆိုင်များ၌ ဖြန့်ဖြူးရောင်းချ လျက်ရှိသော အိမ်သုံးဆားများတွင် အိုင်အိုဒင်း အရည်အသွေး ပြည့်မီမှု ရှိ ၊မရှိ စစ်ဆေးခဲ့ကြပြီး အရည်အသွေးပြည့်မီသော ဆားများကိုသာရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာ ဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေးဟောပြောခြင်းများအား ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
အေဇာလင်း