ဟုမ္မလင်းမြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌  ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဟုမ္မလင်း ဩဂုတ် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းခရိုင် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၁၀)နာရီအချိန်က ဟုမ္မလင်းမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဘိုးရာဇာခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိသည်။

ဦးစွာ ဟုမ္မလင်းခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးက အဖွင့်အမှာစကားပြောကြားရာတွင် Online လိမ်လည်မှုအကြောင်း သိကောင်းစရာများနှင့်ပတ်သတ်၍ပြောကြားပြီး၊ ဟုမ္မလင်းမြို့နယ်ဥပဒေအရာရှိ ဦးစောလင်းအောင်က ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာအကြောင်းကို အသိပညာပေးရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထိုနောက်  တရုတ်ပြည်သူ့သမ္မတနိုင်ငံပြည်သူ့လုံခြုံရေးဆိုင်ရာဝန်ကြီးဌာနနှင့် ကမ္ဘောဒီးယားနိုင်ငံ  ပြည်ထဲရေးဝန်ကြီးဌာနတို့မှပေးပို့သည့် ဆက်သွယ်ရေးလိမ်လည်မှုဆိုင်ရာ အသိပညာပေးဗီဒီယိုကလစ် ၂ ခုအားပြသရာ တက်ရောက်လာကြသည့် ကျောင်းသား/ကျောင်းသူ လေးများက ကြည့်ရှုအားပေးခဲ့ကြသည်။

အဆိုပါအသိပညာပေး ဟောပြောပွဲအခမ်းအနားသို့ ခရိုင်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ပပစိုးနှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဟုမ္မလင်း(ပြန်/ဆက်)