ကြံခင်းမြို့နယ်၊ ပေါက်တိုင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်း ကျင်းပ

ကြံခင်း ဩဂုတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာအလယ်တန်းကျောင်းတို့ ပူးပေါင်း၍ ကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး “လူငယ်စကားဝိုင်း” ဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက အဆိုပါကျောင်းရှိ စုဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အခမ်းအနားကို အခြေခံပညာအလယ်တန်းကျောင်းတာဝန်ခံ ဆရာကြီး ဦးလင်းထင်အောင် အဖွင့်အမှာစကားပြောကြားပြီး၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး အသိပညာ ဗဟုသုတတိုးပွားစေရန်၊ လူငယ်အချင်းချင်းပူးပေါင်းဆွေးနွေး ဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိလာစေရန် နှုတ်မှုစွမ်းရည်ထက်မြက်လာစေရန်နှင့် ကျောင်းစာကြည့်တိုက်များတွင် လေ့လာဖတ်ရှုမှတ်သားတတ်လာစေရန်စသည့် ရည်ရွယ်ချက်များစွာဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲများကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်မိုးမြင့်က စေ့စပ်ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး Grade-9 မှ ကျောင်းသား မောင်ဥာဏ်လင်းထက်က “လူငယ်နှင့်ကျန်းမာရေး”၊ Grade-9 မှ ကျောင်းသူ မရွှမ်းလဲ့ဝေက “လူငယ်နှင့်ပညာရေး”၊ Grade-9 မှ ကျောင်းသူ မဆုပြည့်ပြည့်ဇော်က “လူငယ်နှင့်အင်တာနက်”၊ Grade-9မှ ကျောင်းသူ မသက်ငုံဖူးက “လူငယ်နှင့်စည်းကမ်း” ခေါင်းစဉ်တို့ဖြင့် အသီးသီး ဆွေးနွေးကြကာ ဒုအလပြဆရာမ ဒေါ်အေးမြမြဝင်းက ကျောင်းသား၊ ကျောင်းသူများ၏ ဆွေးနွေးသည့် အကြောင်းအရာများအပေါ် ဖြည့်စွက်ဆွေးနွေးပေးခဲ့သည်။

ဆက်လက်၍ စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်ကို မေးမြန်းကြရာ သက်ဆိုင်ရာ ခေါင်းစဉ်များအလိုက် ဆွေးနွေးကြသူများက ပြန်လည်ဖြေကြားပြီး ကျောင်းအကျိုးတော်ဆောင် ရပ်မိရပ်ဖ ဦးစိုးလှိုင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီးနောက် လူငယ်စကားဝိုင်းတွင်ပါဝင်ဆွေးနွေးကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးကြကာ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော သုတ၊ ရသ စာအုပ်စာစောင်ပြပွဲနှင့် မီးခိုးမြူငွေ့အန္တရာယ်ဝိုင်းဝန်းစုပေါင်း ဒို့ကာကွယ်၊ မူးယစ်အန္တရာယ်အသိပညာပေးအကြောင်းအရာပါ နံရံကပ်စာစောင်များကို ပြသပေးခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ အဆိုပါအခမ်းအနားကို ကျောင်းသား၊ ကျောင်းသူစုစုပေါင်း ၁၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေလင်း - ကြံခင်း(ပြန်/ဆက်)