မုံရွာမြို့ ခုတင် ၅၀၀ ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် မျက်စိဝေဒနာရှင် ၄၀၀၀ ကျော်အား အခမဲ့စစ်ဆေးကုသပေးမည်

မုံရွာ ဩဂုတ် ၂၈

သဲဖြူဆရာတော်ကြီးဦးဆောင်မှု၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ပံ့ပိုးမှုဖြင့်မုံရွာမြို့ ခုတင်(၅၀၀)ဆံ့ ပြည်သူ့ဆေးရုံကြီးတွင် ဩဂုတ် ၂၉  ရက်မှ စက်တင်ဘာ  ၂ ရက်အထိ မျက်စိအထူးကုဆရာဝန်ကြီးများမှ မျက်စိဝေဒနာရှင်များအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းဆောင်ရွက်မည်ဖြစ်ရာ  ဌာနဆိုင်ရာဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများ၊  ပင်စင်စားဝန်ထမ်းများ၊ တိုင်းဒေသကြီးအတွင်းရှိ ပြည်သူများ  စုစုပေါင်း အင်အား ၄၀၀၀ ကျော်ရှိသဖြင့် သတ်မှတ်သည့်ရက်အလိုက်သာ လာရောက်ပြသနိုင်ရေးနှင့် ပြသမည့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများက အသိပေးဆောင်ရွက်လျက်ရှိပြီး ဩဂုတ် ၂၉ ရက် ပထမနေ့တွင် မျက်စိဝေဒနာရှင်၆၆၂ဦးအား အခမဲ့မျက်စိစမ်းသပ်ခြင်း၊ ခွဲစိတ်ကုသပေးခြင်းကို ဆောင်ရွက်ပေးမည်ဖြစကြောင်း သိရသည်။

ဆက်လက်၍လည်း သတ်မှတ်ရက်များအတွင်း ကျန်ရှိအမည်စာရင်းပေးသွင်းထားသော မျက်စိဝေဒနာရှင်များအားလုံးကို  အခမဲ့စစ်ဆေးပေးသွားမည်ဖြစ်ကြောင်း၊ ခွဲစိတ်ရန် လိုအပ်မည့် မျက်စိဝေဒနာရှင်များကို အခမဲ့ခွဲစိပ်ကုသပေးမည်ဖြစ်ကြောင်းနှင့်  ခွဲစိတ်ရမည့် မျက်စိဝေဒနာရှင်  လူနာနှင့်အတူ လူနာစောင့် ၁ ဦး တို့အား တည်းခိုနေထိုင်ရေး အဆင်ပြေအောင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း၊ နေထိုင်စဉ်အချိန်ကာလတွင် အခမဲ့ကျွေးမွေးဧည့်ခံပေးမည်ဖြစ်ကြောင်း ာခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီရုံးမှ သိရသည်။

ထိုကဲ့သို့ မျက်စိဝေဒနာရှင် ၄၀၀၀ ကျော်အား အခမဲ့စစ်ဆေးကုသပေးရန်အတွက် အလှူရှင်များ လှူဒါန်းလိုပါက မျက်စိ စမ်းသပ်မှုအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သောင်းခွဲ၊ ခွဲစိတ်ကုသမှုအတွက် တစ်ဦးလျှင် ငွေကျပ်နှစ်သိန်းခွဲနှုန်းဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံသို့ ဆက်သွယ်ပါဝင်လှူဒါန်းနိုင်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)