ကရင်ပြည်နယ် ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ကျင်းပ

ဘားအံ ဩဂုတ် ၂၈

ကရင်ပြည်နယ်အစိုးရအဖွဲ့ကကြီးမှူး၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဩဂုတ်လ ၂၈ ရက်နေ့ နံနက် ၉ နာရီက ဘားအံမြို့နယ်၊ ဒုံရင်းအခြေခံပညာနှင့်စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၌ ကျင်းပသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယက၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး ပါဝင်အားဖြည့်ကူညီပေးကြသော ဘင်ခရာ၊ ပန်းပွားအဖွဲ့နှင့် ဖဲကြိုးကိုင်၊ ဗန်းကိုင်အဖွဲ့များအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ စုပေါင်းမှတ်တမ်းဓာတ်ပုံများ ရိုက်ကူးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဒုံရင်းအခြေခံပညာနှင့် စက်မှုစိုက်ပျိုးမွေးမြူရေးအထက်တန်းကျောင်း၊ ကျောင်းခန်းများအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူး ပေါင်းကျင်းပသော စာဖတ်ရှိန်မြှင့်တင်ရေး စကားပုံဆက်ပြိုင်ပွဲ၊ ရုပ်ပုံဆက်ပြိုင်ပွဲ၊ ကရင်တိုင်းရင်းသားစာပေ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတို့ကို လှည့်လည်ကြည့်ရှုအားပေးပြီး ဆုရရှိသူများအား ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကာ လူငယ်စာဖတ်ဝိုင်း၊ အလယ်တန်းအဆင့်ပုံပြင်ပြောပြိုင်ပွဲ၊ လှပသာယာပြည်မြန်မာရောင်စုံဓာတ်ပုံပြပွဲ၊ စိုက်ပျိုးမွေးမြူရေးပြပွဲ၊ ဘားအံတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်၊ ကွန်ပျူတာတက္ကသိုလ်တို့မှ စာဖတ်ရှိန်မြှင့်တင်ရေး အထောက်အကူပြု ပြခန်း၊ အခြေခံပညာဦးစီးဌာန၏ စာစီစာကုံး၊ ပန်းချီ၊ ကာတွန်း၊ ပိုစတာပြခန်း၊ ဉာဏ်စမ်းပဟေဠိ (Kahoot Quiz) ပြိုင်ပွဲ၊ အထက်တန်းအဆင့် ကျပန်းစကားပြောပြိုင်ပွဲ၊ မူလတန်းအဆင့် ကဗျာရွတ်ပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲနှင့် သုတ၊ ရသစာအုပ်စာစောင်ပေါင်း ၅၀၀ ခန့်ရှိ အ.ထ.က (ဒုံရင်း) ကျောင်းစာကြည့်တိုက် ၌ ကျောင်းသား၊ ကျောင်းသူများ စာပေဖတ်ရှုလေ့လာနေမှုနှင့် ပညာရပ်အလိုက် စာအုပ်စာစောင်များ စုဆောင်းထားရှိမှု အခြေအနေများကို ကြည့်ရှုအားပေးကာ ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းစာကြည့်တိုက်အတွက် ငွေကျပ် (၁၀) သိန်းကို ကျောင်းအုပ်ဆရာမကြီးထံ ချီးမြှင့်ပေးအပ်သည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပုဂ္ဂလိကစာအုပ်အရောင်းဆိုင်များချိတ်ဆက်၍ သုတ၊ ရသ၊ ကာတွန်း၊ ပုံပြင်၊ ဝတ္ထု၊ မဂ္ဂဇင်း၊ ရုပ်ပြအမျိုးမျိုး စာအုပ်ဈေးရောင်းပွဲတွင် ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာစာအုပ်စာပေ ဝယ်ယူလေ့လာဖတ်ရှုနေမှုတို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြသည်။

ယင်းနောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အခမ်းအနားကို အဆိုပါအထက်တန်းကျောင်း မဏိမေခလာခန်းမ၌ ကျင်းပရာ အ.ထ.က(ဒုံရင်း)မှ ကျောင်းသားကျောင်းသူလေးများက ပညာဘဏ်တိုက်စာကြည့်တိုက်သို့သွားကြစို့ သီချင်းဖြင့်သီဆိုဖွင့်လှစ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်တက်ရောက်လာသူများက နိုင်ငံအကျိုးအတွက် မှန်းမျှော်ရည် ခိုင်မာတိုးတက်စေရမည် Video Clip ကို အတူတကွ ကြည့်ရှုခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြမည့် ယနေ့ကျောင်းသားလူငယ်များသည် အသိပညာဗဟုသုတမြင့်မားပြီး အကောင်းအဆိုး၊ အကြောင်းအကျိုးကို ဝေဖန်ပိုင်းခြားနိုင်သူများဖြစ်ရန် အထူးလိုအပ်သည့်အတွက် ကျောင်းသား၊ ကျောင်းသူများစုစည်းရာ ကျောင်းစာကြည့်တိုက်များရှင်သန်ဖွံ့ဖြိုးရေး၊ ကျောင်းစာကြည့်တိုက်များကို အမှန်တကယ်အသုံးပြုလာစေရေး၊ စာဖတ်သည့်အလေ့အထ ကောင်းများကိုမွေးမြူပေးရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်များကို ကျင်းပပေးခြင်းဖြစ်ပြီး စဉ်ဆက်မပြတ် စာပေဖတ်ရှုသည့်အလေ့အထများဖြစ်အောင် ဆောင်ရွက်ပေးနိုင်မှသာ စာကြည့်တိုက်ယဉ်ကျေးမှု ထွန်းကား၍ ကျောင်းစာကြည့်တိုက်များ ရေရှည်ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည့်အတွက် ကျောင်းစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်လာအောင် မိဘ၊ ဆရာ၊ ကျောင်းသားအားလုံးပူးပေါင်းဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ယင်းနောက် အ.ထ.ကကော့ကျိုက်မှ ကျောင်းသား၊ကျောင်းသူများက မြန်မာပြည်မှာ စာပဒေသာဝေဆာစေ သီချင်း၊ အ.ထ.က (ခွဲ) (ကော့မူးတာအရှေ့)မှ ကျောင်းသား၊ ကျောင်းသူများက  ပညာပန်းများလန်းရာမြေသီချင်း၊ အ.ထ.က (ခွဲ) ကမော့ကစင်မှ ကျောင်းသား၊ ကျောင်းသူများက ပန်းတိုင်းပွင့်ပါစေ သီချင်းများဖြင့် သီဆိုကပြဖျော်ဖြေကြရာ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများက ဂုဏ်ပြုဆုများပေးအပ်ချီးမြှင့်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့်တာဝန်ရှိသူများက အခမ်းအနားသို့ တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများကို ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်၍ ကျောင်းစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်ကို ပါဝင်ဆင်နွှဲကြသည့် ဒုံရင်းအထက်တန်းကျောင်းနှင့် အခြေခံပညာကျောင်းပေါင်း(၂၁)ကျောင်းမှ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမ (၁၅၀၀) ဦးခန့်အား နေ့လည်စာများ ဝေငှပေးခဲ့ကြသည်။

အလားတူ ၂၀၂၅ ခုနှစ်၊ ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက် (၂၅) နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့်ဆုချီးမြှင့်ပွဲကို ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ လှာကမြင်ကွက်သစ်ရှိ ဇွဲကပင်အားကစားကွင်း၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် ကော့ကရိတ်မြို့နယ်ဘောလုံးအသင်းနှင့် လှိုင်းဘွဲမြို့နယ် ဘောလုံးအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကနှင့် အဖွဲ့ဝင်များ၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန် မိနစ် ၉၀ တွင် တစ်ဖက် ၂ ဂိုးစီဖြင့် သရေရလာဒ်ထွက်ပေါ်နေပြီး အချိန်ပိုတွင် ကော့ကရိတ်မြို့နယ်အသင်းက အနိုင်ဂိုးသွင်းယူ၍ ပွဲအပြီးတွင် ၃ ဂိုး ၂ ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ်အမျိုးသမီးအားကစားဆပ်ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များက ပွဲစဉ်တစ်လျှောက်ဂိုးသမားအကောင်းဆုံးဆု၊ နောက်တန်းအကောင်းဆုံးဆု၊ အလယ်တန်းအကောင်းဆုံးဆု၊ ရှေ့တန်းအကောင်းဆုံးဆု၊ အကောင်းဆုံးအားကစား သမားဆုနှင့် ပူးတွဲတတိယဆုရရှိသော ဘားအံမြို့နယ်အသင်းနှင့် မြဝတီမြို့နယ်အသင်းတို့အား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်အမျိုးသမီးရေးရာအဖွဲ့နာယကက ဒုတိယဆုရရှိသော လှိုင်းဘွဲမြို့နယ် အမျိုးသမီးဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၀) သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော ကော့ကရိတ်မြို့နယ်အမျိုးသမီး ဘောလုံးအသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု (၁၅) သိန်းကျပ်နှင့် ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)