ဂန့်ဂေါမြို့၌ အခြေခံပညာကျောင်းများတွင် ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်

ဂန့်ဂေါ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့အတွင်းရှိ အခြေခံပညာကျောင်းများ၌ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းနေအရွယ်ကလေးများ အာဟာရပြည့်ဝဖွံ့ဖြိုးတိုးတက်စေရေးနှင့် ကျန်းမာရေးနှင့်ညီညွတ်သောအမူအကျင့်များ စွဲမြဲစွာကျင့်သုံးတတ်စေရန်ရည်ရွယ်၍ ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၁၉)ကျောင်းမှ KG ကျောင်းသား/ ကျောင်းသူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းတွင် မြို့ပေါ်ရှိ အ.ထ.က(မြို့မ)၊ အ.လ.က(မြောက်ကုန်း)၊ အ.လ.က(ပြစ်မ)၊ အ.လ.က(ခွဲ)စည်ပင်သာယာ၊ အ.လ.က(ခွဲ)ကျောက်တိုက်၊ အ.မ.က(တပ်တွင်း)၊ အ.မ.က(မြို့မတောင်ပိုင်း)နှင့် မြို့နယ်အတွင်းရှိ အ.ထ.က/အ.မ.က(ခွဲ)(ဟံသာဝတီ)၊ အ.ထ.က(မြောက်ခင်ရန်း)၊ အ.ထ.က(ခွဲ) (လယ်ကြီးအရှေ့/လယ်ကြီး အနောက်)၊ အ.လ.က(ခွဲ)(ကုက္ကား)၊ အ.မ.က(ရွှေမေတ္တာ)၊ အ.မ.က(ဝင်ဝ)၊ အ.ထ.က(ကျော)၊ အ.လ.က (နုန်းကြီး)နှင့် အ.လ.က(ကျဲ)စသည့် ကျောင်းပေါင်း(၁၉)ကျောင်းမှ KG ကျောင်းသား၊ ကျောင်းသူ (၃၉၁)ဦးကို သက်ဆိုင်ရာကျောင်းအသီးသီးမှ ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများဦးဆောင်၍ အတန်းမှူးများ၊ ဆရာ/ ဆရာမများစုပေါင်း၍ နေ့လယ်စာအာဟာရဖြစ်စေမည့် အစားအစာများကို ကျွေးမွေးခဲ့ကြသည်။                     

အဆိုပါ ကျောင်းကျန်းမာရေးသီတင်းပတ်အဖြစ် KG ကျောင်းသား၊ ကျောင်းသူလေးများအား အာဟာရကျွေးမွေးရာသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ခေတ္တဆေးရုံအုပ် ဒေါက်တာကျော်ကျော်လွင် ဦးဆောင်သည့် မြို့နယ်ကျန်းမာရေးမှူး ဦးထွန်းဇော်လင်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ တာဝန်ခံမြို့နယ်ပညာရေးမှူး ဦးဟန်စိုးစိုးနှင့် ကျောင်းအုပ်ဆရာ၊ ဆရာမကြီးများက ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။

မောင်မျိုးမင်း