ကလေး ဩဂုတ် ၂၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၌ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် ကျောင်းသား၊ ကျောင်းသူများ၏ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က(ခွဲ)၊ အမှတ်(၆) အခြေခံပညာအလယ်တန်းကျောင်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ကလေးမြို့ အ.ထ.က(ခွဲ)၊ အမှတ်(၆)အခြေခံပညာ အလယ်တန်းကျောင်းမှ ဆရာမကြီးက အမှာစကားပြောကြားခဲ့ပြီး ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးတွာလ်ဆွင်းဗန်က လူငယ်များစာဖတ်သည့် အလေ့အကျင့်ကောင်းများဖြင့် အချိန်ကိုအကျိုးရှိစွာအသုံးပြု၍ စဉ်းစားတွေးခေါ်မှု စွမ်းရည်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးလာစေရန်နှင့် လူငယ်စကားဝိုင်းကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းမင်းအောင်က ဦးဆောင်၍လူငယ်စကားဝိုင်းကိုစတင်ခဲ့ရာ Grade-11 မှ မောင်ထန်ဇာခိုင် လူငယ်နှင့်ဂီတ၊ Grade-10 မှ မသန္တာခွန်းဆင့် လူငယ်နှင့်စာပေ၊ Grade-9 မှ မောင်ပြည့်စုံဖြိုးက လူငယ်နှင့်မူးယစ်ဆေး၊ Grade-9 မှ မချမ်းမြေ့ထွေးက လူငယ်နှင့်နိုင်ငံတကာဆက်ဆံရေး စသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက ခေါင်းစဉ်များအလိုက် အားနည်းချက်၊ အားသာချက်များကို ဆွေးနွေး ခဲ့ကြသည်။
ထို့နောက်ဆွေးနွေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများကို ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ဂုဏ်ပြု လက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး အခမ်းအနားအပြီးတွင် ကျောင်းသား/ကျောင်းသူများမှ ခင်းကျင်းပြသထားသည့် နံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)