ချောက်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရ ကျွေးမွေး

ချောက် သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊‌ ချောက်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား/သူများအား ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီအချိန်က‌ ချောက်မြို့နယ်အတွင်းရှိ ကျောင်းပေါင်း (၁၉၂)ကျောင်းမှ KG ကျောင်းသား/သူ ၂၆၀၄ ဦးကို တစ်ပြိုင်နက်ထဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောင်းသား/သူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရေး၊ ကျန်းမာရေးနှင့် ညီညွတ်သောအစားအသောက်ပုံစံများမြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ဆောင်ရွက်ရာတွင် ချောက်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများရှိ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမြို့နယ် ဆရာဝန်ကြီးဒေါက်တာမျိုးသက်ဦးနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများက လက်ကိုဆပ်ပြာဖြင့် စနစ်တကျဆေးကြောသန့်စင်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နှင့် ရေဓာတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများအား ကျွေးမွေးခဲ့ကြသည်။

အဆိုပါအာဟာရ‌ကျွေးမွေးခြင်းကို လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျောက်ခဲ၊ သက်ဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်နန်းနွမ်ခမ်းခေါင်နှင့် အသင်းဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့‌ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)