တောင်ငူ သြဂုတ် ၂၈
ကျန်းမာရေးဝန်ကြီးဌာနနှင့် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့၏ဦးဆောင်လမ်းညွှန်မှုဖြင့် တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး၌ သြဂုတ် ၂၀ ရက်နေ့မှစတင်၍ မျက်စိဝေဒနာရှင် ၂၆၁ ဦးကိုစမ်းသပ်စစ်ဆေးခဲ့ပြီး မျက်စိအတွင်းတိမ်ခွဲစိတ်လူနာ ၅၂ ဦးအနက်မှ ၂၃ ဦးကို ယနေ့တွင် အခမဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးသည်။
ထိုသို့ မျက်စိအတွင်းတိမ်အခမဲ့ခွဲစိတ်ကုသပေးနေမှုကို ပဲခူးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး ဒေါက်တာဇော်မင်းထွန်းနှင့် ဒုတိယညွှန်ကြားရေးမှူးဒေါက်တာလေးဖြူပြာအောင်၊ တောင်ငူခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးကျော်စိုးလွင်နှင့်အဖွဲ့ဝင်များ၊ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး ယာယီဆေးရုံအုပ်ကြီးဦးစောသူရကြည်ဖေ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များကလာရောက်ကြည့်ရှုအားပေးကာ မျက်စိအတွင်းတိမ်ခွဲစိတ်လူနာများအား နေကာမျက်မှန်တပ်ပေးပြီး စားသောက်ဖွယ်ရာများပေးအပ်၍ လို အပ်သည်များဆောင်ရွက်ပေးသည်။ တောင်ငူခရိုင်ပြည်သူ့ဆေးရုံကြီး၌ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီး ဒေါက်တာနိုင်ဝင်းဌေးနှင့်ဒေါက်တာစန္ဒာချစ်ဆွေတို့က မျက်စိအတွင်းတိမ်ခွဲစိတ်လူနာ ၅၂ ဦးကို သြဂုတ် ၂၇ ရက်နေ့မှ ၂၈ ရက်နေ့အထိ အခမဲ့ ခွဲစိတ်ကုသမှုဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ဇော်ကိုကို(တောင်ငူ)