မင်းလှ ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သော ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပပြုလုပ်သည်။
ဟောပြောပွဲတွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်ညိုမေဦး၊ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ဒုရဲအုပ်ထက်မြတ်သူအောင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စန္ဒာအောင်တို့က အင်တာနက်အွန်လိုင်းအသုံးပြု၍ ဆိုက်ဘာလုံခြုံရေးဆိုင်ရာများ သတိပြုဆင်ခြင်နိုင်စေရန်ရည်ရွယ်၍ ဆက်သွယ်ရေးလိမ်လည်မှုတိုက်ဖျက်ရေးဆိုင်ရာများကိုလည်းကောင်း၊ အွန်လိုင်းမှတစ်ဆင့်လောင်းကစားမှု၊ လိမ်လည်မှုများအကြောင်းကိုလည်းကောင်း အသီးသီးအသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် လန်ချန်း-မဲခေါင် တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (LMLECC) မှ ပေးပို့လာသည့် ဆက်သွယ်ရေးလိမ်လည်မှု တိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Video Clip ကို ပရိုဂျက်တာဖြင့် ပြသခဲ့ကြောင်းသိရသည်။
ပေါက်စ (မင်းလှ)