ခန္တီးမြို့၌ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်လှစ်

ခန္တီး ဩဂုတ် ၂၈

စစ်ကိုင်းတိုင်း‌ဒေသကြီး၊ ခန္တီးမြို့တွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုအရ အခြေခံစာကြည့်တိုက်ပညာသင်တန်း (၂/၂၀၂၅) ဖွင့်ပွဲ အခမ်းအနားကို ခန္တီးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ ယနေ့နံနက် (၁၀) နာရီအချိန်က ကျင်းပပြုလုပ်ရာ ခန္တီးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းသန်းထိုက်နှင့်အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ သင်တန်းသား/သူများ တက်ရောက်ခဲ့‌ကြောင်း သိရသည်။

ရှေးဦးစွာ ခန္တီးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က အဖွင့်အမှာစကားပြောကြားရာ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် “မြန်မာနိုင်ငံစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းကော်မတီ”ကို ဖွဲ့စည်းပြီး လုပ်ငန်းစဉ် (၄) ရပ်ဖြင့် ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုလုပ်ငန်းစဉ်(၄)ရပ်တွင် ရပ်နားနေသည့် စာကြည့်တိုက်များအား ပြန်လည်ဖွင့်လှစ်ရန် စီမံခြင်းဆိုသည့် အချက်ပါရှိသည့်အတွက် ကျွန်တော်တို့မြို့နယ်အတွင်း ဖွင့်လှစ်ခဲ့သည့် စာကြည့်တိုက်များ ပြန်လည်ရှင်သန်လာစေရန် ယခုလိုအ‌ခြေခံစာကြည့်တိုက်ပညာ သင်တန်း ဖွင့်လှစ်သင်ကြား ပေးရခြင်းဖြစ်‌ကြောင်း၊ စာကြည့်တိုက်တစ်တိုက် အောင်မြင်ရှင်သန်နိုင်ရန်အတွက် စာကြည့်တိုက်မှူး(သို့မဟုတ်) စာကြည့်တိုက်တာဝန်ခံသည် စာကြည့်တိုက်ပညာရပ် ကျွမ်းကျင်ပိုင်နိုင်ဖို့လိုအပ်ကြောင်း၊ သင်တန်းသားများအနေဖြင့် ယခုသင်တန်းမှ စာကြည့်တိုက်ပညာရပ်များကို လေ့လာသင်ယူပြီး မိမိတို့ရပ်ကွက်၊ ကျေးရွာ၊ အခြေခံပညာကျောင်းများရှိ စာကြည့်တိုက်များတွင် ပြန်လည်အသုံးပြုနိုင်ရန် ဆန္ဒပြုကြောင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ ခန္တီးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်နန်းအေးခိုင်က ရပ်ကွက်၊ ကျေးရွာရှိ စာကြည့်တိုက်များ ပြန်လည် ရှင်သန်လာစေရန်အတွက် စာကြည့်တိုက်တာဝန်ခံများအနေဖြင့် စာကြည့်တိုက်လုပ်ငန်း ဘာသာရပ်များအား သိရှိနားလည်လာပြီး ‌နည်းစနစ်တကျ စီမံခန့်ခွဲခြင်းဖြင့် တိုးတက် အောင်မြင်သည့် စာကြည့်တိုက်များဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ သင်တန်းဖွင့်လှစ်ရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပြီး ကတ်တလောက်လုပ်ငန်းနှင့် ပတ်သက်သည်များကို သင်ကြားပို့ချခဲ့သည်။

အဆိုပါသင်တန်းတွင် ဦးစီးအရာရှိ ဒေါ်သန်းထိုက်အောင်က မျိုးတူစုလုပ်ငန်းများနှင့်ပတ်သက်၍ လည်းကောင်း၊ ဒုတိယဦးစီးမှူး ဒေါ်အေးအေးခန့်က စာစု‌/စာပြုလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ ရုပ်သံကျွမ်းကျင်-၃ ဒေါ်တင်မာဦးက မှတ်သားမှုစနစ်၊ ထားသိုမှုစနစ်၊ စာငှား လုပ်ငန်းများနှင့်ပတ်သက်၍လည်းကောင်း စာတွေ့လက်တွေ့ သင်ကြားပို့ချလျက်ရှိပြီး သင်တန်းကာလမှာ ဩဂုတ်လ (၂၅) ရက်နေ့မှ (၂၉) ရက်နေ့အထိ (၅)ရက်တာ သင်ကြားမည်ဖြစ်ကာ ရပ်ကွက်/ကျေးရွာများမှ စာရေးများ၊ ကျောင်းဆရာ/မများ၊ ပြင်ပမှဝင်ရောက်လေ့လာသူများ စုစုပေါင်း (၃၀) ဦး တက်ရောက်သင်ကြားလျက်ရှိကြောင်း သိရသည်။

ကမ်းကီး(ပြန်/ဆက်)