ကယားပြည်နယ်ဝန်ကြီးချုပ် ကယန်းသာယာဓာတ်အားခွဲရုံ ဓာတ်အားဖြန့်ဖြူးနေမှု၊ လွိုင်ကော်စက်မှုဇုန်နှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်မှု ကြည့်ရှုစစ်ဆေး

လွိုင်ကော် ဩဂုတ် ၂၈

ကယားပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်က ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်သည် အကြမ်းဖက်သောင်းကျန်းသူများကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ကယန်းသာယာဓာတ်အားခွဲရုံ ရာနှုန်းပြည့်ပြုပြင်ပြီးစီး၍ ဓာတ်အားများ ဖြန့်ဖြူးပေးနေမှုအခြေအနေ၊ လွိုင်ကော်စက်မှုဇုန်အား ပြန်လည်ဖွင့်လှစ်ဆောင်ရွက်နေမှုအခြေအနေ၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် စံပြမိုးစပါးစိုက်ခင်းများ ဖြစ်ထွန်းနေမှုအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကယန်းသာယာဓာတ်အားခွဲရုံသို့ ရောက်ရှိပြီး ဓာတ်အားခွဲရုံပြုပြင်ခြင်း လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီး၍ ဓာတ်အားခွဲရုံထိန်းချုပ် စက်များမောင်းနှင်၍ ဓာတ်အားထုတ်လွှတ်ဖြန့်ဖြူးဆောင်ရွက်နေမှုအား ကြည့်ရှုစစ်ဆေးရာ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်း ပြည်နယ်လျှပ်စစ်အင်ဂျင်နီယာကဓာတ်အားခွဲရုံမှ လွိုင်ကော်စက်မှုဇုန်၊ လွိုင်လင်လေးမြို့၊ လွိုင်ကော် - မိုးဗြဲလမ်း တစ်လျှောက်ကျေးရွာများနှင့် လွိုင်ကော်မြို့ ပေါ်ရပ်ကွက်များနှင့် ဓာတ်အားခွဲရုံပတ်ဝန်းကျင်ရှိ ကျေးရွာများသို့ ဓာတ်အားပို့လွှတ်ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်က ဓာတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းများ အခက်အခဲမရှိ ပို့လွှတ်ဖြန့်ဖြူးနိုင်ရေးစနစ်တကျ ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ အဆိုပါကယန်းသာယာဓာတ်အားခွဲရုံ ဓာတ်အားစနစ်အပြင် ဘီလူးချောင်းလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ ထုတ်လုပ်သည့် ဓာတ်အားများအား လောပိတ-တီကျစ် လိုင်းအမှတ်(၁)နှင့် လွိုင်ကော်-တီကျစ်လိုင်းအမှတ်(၂)တို့မှ နိုင်ငံတော်ဓာတ်အားစနစ်သို့ စတင်စမ်းသပ်ပို့လွှတ်လျက်ရှိရာ လက်ရှိတွင် ၅၀ မဂ္ဂါဝပ်ဖြင့် မောင်းနှင်စမ်းသပ်ပို့လွှတ်လျက်ရှိပြီး တစ်ဖြည်းဖြည်းတိုးမြှင့်၍ ၈၀ မဂ္ဂါဝပ်အထိ ထုတ်လုပ်ပို့လွှတ်သွားမည်ဖြစ်ပါသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် တောင်ငူ- လိပ်သို- ယာဒို-လွိုင်ကော်- ဟိုပုံးလမ်း မိုင်တိုင်(၁၃၈/၄)ဖာလုံတွင် ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် အကျယ် ၂၄ ပေ ၈ လက်မထု အရှည် ၁၀၀၀ ပေ ကွန်ကရစ်လမ်းခင်းခြင်းနှင့် ပေ ၇၀၀ အရှည် ကျောက်စီရေမြောင်း ဆောင်ရွက်ခြင်းလုပ်ငန်းတို့အား ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများအား ပြည်နယ်လမ်းဦးစီးဌာန တာဝန်ရှိသူများက ရှင်းလင်းတင်ပြသည်။ ပြည်နယ်ဝန်ကြီးချုပ်မှ လုပ်ငန်းများစံချိန်စံညွှန်းပြည့်မီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအားမှာကြားခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လွိုင်ကော်စက်မှုဇုန်သို့ သွားရောက်ကာ စက်မှုဇုန်ရှိ ဆီစက်လုပ်ငန်းများနှင့် ဆန်စက်လုပ်ငန်းများ စတင်လည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးရာ လုပ်ငန်းရှင်များနှင့် စက်မှုဇုန်တာဝန်ရှိသူများက လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်တင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က လုပ်ငန်းဆောင်ရွက်ရာတွင် တွေ့ကြုံရသည့် အခက်အခဲများကို တာဝန်ရှိသူများက ပေါင်းစပ်ကူညီဆောင်ရွက်ပေးရန်မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် စက်မှုဇုန်လုပ်ငန်းများအတွက် လျှပ်စစ်ဓာတ်အား လုံလောက်စွာဖြန့်ဖြူးပေးနိုင်ရေး ပြည်နယ်ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်သည့် 200 KVA ထရန်စ်ဖော်မာများ တပ်ဆင်ပြီးစီးမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ယခုထက် ပိုမိုလည်ပတ်လုပ်ကိုင်ပါက ဓာတ်အားလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေး ကြိုတင်စီမံထားရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ စက်မှုဇုန်အတွင်း လမ်းရှစ်လမ်းအား ကတ္တရာလမ်းအဆင့်မြှင့်တင်ဆောင်ရွက်နေမှုများ လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းမီစွာဖြင့် သတ်မှတ်ကာလပြီးစီးရေး ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။

ထို့နောက် နွားလဝိုးကျေးရွာအုပ်စု၊ နွားလဝိုးရွာမကျေးရွာတွင် မိုးစပါးစံပြကွက်စိုက်ပျိုးထားရှိမှုအား ကြည့်ရှုစစ်ဆေးပြီး ပန်းတိုင်အထွက်နှုန်းရရှိစေရေးအတွက် သွင်းအားစုများကို အချိုးကျအချိန်ကိုက်ထည့်သွင်းနိုင်ရေး၊ ရေသွင်းရေထုတ်မှန်ကန်စေရေးနှင့် တစ်ဧကကောက်ကွက် ပြည့်မီရေး စနစ်တကျဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ ဆက်လက်၍ အဆိုပါလယ်မြေများသို့ ရေပေးဝေလျက်ရှိသည့် နွားလဝိုးရေလှောင်ကန်သို့ ရောက်ရှိပြီး မိုးရေသိုလှောင်ထားရှိမှုအခြေအနေအား ကြည့်ရှုစစ်ဆေးရာ ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနတာဝန်ရှိသူများက ကန်ရေသိုလှောင်နိုင်မှုနှင့် ရေပေးဝေနိုင်မှုအခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ပြည်နယ်ဝန်ကြီးချုပ်က စိုက်ပျိုးရေလုံလောက်စွာ ရရှိရေးအတွက် ကန်ရေပြည့်မှတ်အထိ သိုလှောင်နိုင်အောင် စီမံရန်နှင့် ရေထိန်းတံခါးများ စနစ်တကျဖြစ်အောင်ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ အဆိုပါနွားလဝိုး ရေသိုလှောင်ကန်မှ နွားလဝိုးကျေးရွာအုပ်စုရှိ လယ်မြေများအား စိုက်ပျိုးရေလုံလောက်စွာ ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)