ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေး

ကံမ ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများ အာဟာရဖွံ့ဖြိုးတိုးတက်စေရေး အစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့နံနက် (၁၀)နာရီက အခြေခံပညာမူလတန်းကျောင်း(မြို့မ)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန်နှင့် ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတတ်စေရန် ရည်ရွယ်ချက်ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူများအား ဆရာ ဆရာမများက လက်ကိုစနစ်တကျ ဆပ်ပြာနှင့်ဆေးကြောသန့်စင်ပေးပြီး အသားဓာတ်၊ ကစီဓာတ်၊ အဆီဓာတ်၊ ဗီတာမင်ဓာတ်၊ သတ္ထုဓာတ်နှင့် ရေဓာတ်စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကို ကျွေးမွေးခဲ့ကြသည်။

အဆိုပါကျွေးမွေးနေရာများသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မင်းနိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ‌ဒေါက်တာထက်ဝေလင်းနှင့် ကျန်းမာရေးဝန်ထမ်းများ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ အမျိုးသမီးရေးရာအဖွဲ့ဝင်များက သွားရောက်ကြည့်ရှုခဲ့ကြပြီးလိုအပ်သည်များကို ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)