ရေနံချောင်းမြို့နယ်၌ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှု ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းများ ဆောင်ရွက်

ရေနံချောင်း ဩဂုတ် ၂၈

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကာ ကျောင်းသားကျောင်းသူများ ကျန်းမာသန်စွမ်းပြီး ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် KG ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက အခြေခံပညာအထက်တန်းကျောင်း(လည်ပေါ်)နှင့် အိုးဘိုရပ်ကွက် အမှတ်(၅) အခြေခံပညာမူလတန်းကျောင်းတို့တွင် ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကျော်ကျော်လင်းက အစာမစားမီနှင့် အစာစားပြီး စနစ်တကျလက်ဆေးနည်း၊ ကျန်းမာရေးနှင့်အညီ နေထိုင်စားသောက်မှုပုံစံများနှင့် အစာအုပ်စု()အုပ်စုအကြောင်းကို အသိပညာပေးဟောပြောသည်။ ထို့နောက် ကျန်းမာရေးဝန်ထမ်းများက သတ်မှတ်ချက်များနှင့်အညီ ကြက်သား၊ ကြက်ဥ၊ ပဲဟင်းနှင့် အာဟာရပြည့်အစားအစာများ ချက်ပြုတ်ကာ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအားလုံးမှ KG ကျောင်းသား၊ ကျောင်းသူ ၇၂၂ ဦးအား နေ့လယ်စာအဖြစ် ပထမအကြိမ် ကျောင်းတွင်းအာဟာရကျွေးမွေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)