ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် မိုးညိုမြို့နယ်အတွင်းရှိ‌ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှု

မိုးညို ဩဂုတ် ၂၈

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အဖွဲ့သည် တိုင်းအဆင့်၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းက သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်သို့ ရောက်ရှိလာရာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မိုးညိုမြို့နယ်၊ ညောင်ဝိုင်းကျေးရွာအုပ်စု၊ မင်းလှ-မိုးညိုသွားကားလမ်းဘေးရှိ မွေးမြူရေးလုပ်ကိုင်သူ ဦးဇော်ဝင်း၏ ဥစားကြက် (New Hope) ကောင်ရေ ၁၀၀၀ မွေးမြူထားရာ ဖြစ်ထွန်းအောင်မြင်လျက်ရှိသည်ကို ကြည့်ရှု၍ တိုးချဲ့ဆောင်ရွက်နိုင်ရေးနှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ဆက်လက်၍ ဝန်ကြီးချုပ်နှင့် အဖွဲ့သည် မိုးညိုမြို့၊ မြို့မရပ်ကွက်၊ ရွှေမကျီးပင်လမ်းရှိ ဝက်မွေးမြူရေးလုပ်ကိုင်သူ ဦးသန်းထိုက်၏ အသားတိုးမျိုးဝက်ခြံသို့ ရောက်ရှိ၍ အသားတိုးမျိုးဝက်များ မွေးမြူထားရှိမှုအ‌ခြေအနေများအား မေးမြန်းရာ တာဝန်ရှိသူများက AI နည်းစနစ်ဖြစ် မျိုးထုတ်လုပ်မှုလုပ်ငန်းဆောင်ရွက်မှုအခြေအနေများ၊ မွေးမြူထားသည့် ဝက်အမျိုးအစားများနှင့် မွေးမြူရေးလုပ်ကိုင်ဆောင်ရွက်နေမှုများအား ပြန်လည်ဖြေကြားခဲ့ရာ စွန့်ပစ်ပစ္စည်းများနှင့် ပတ်သက်၍ ပတ်ဝန်းကျင်ညစ်ညမ်းမှုမရှိစေရေး စနစ်တကျဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ကိုမင်း (ပြန်/ဆက်)