စလင်းမြို့နယ်၌ စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲ ကျင်းပ

စလင်း သြဂုတ် ၂၈

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန စိုက်ပျိုးရေးအသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၈) နာရီခွဲအချိန်မှစတင်ကာ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ အသိပညာပေးဆွေးနွေးပွဲကို စိုက်ပျိုးရေးဦးစီးဌာန နည်းပညာပြန့်ပွားရေးစင်တာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။    

ရှေးဦးစွာ စလင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းသီဟဇော်က အမှာစကားပြောကြားရာတွင် မျိုး၊ မြေ၊ ရေ၊ နည်း၊ နည်းလမ်းများနှင့်အညီ စနစ်တကျစိုက်ပျိုးရေး၊ သဘာဝဓာတ်မြေသြဇာများကို ဒေသခံတောင်သူများအား လက်တွေ့ပြုလုပ်သုံးစွဲရေးနှင့် နိုင်ငံတော်မှ သက်သာသောစျေးနှုန်းဖြင့် ဖြန့်ဝေသည့် ဓာတ်မြေသြဇာများအား လက်တွေ့သုံးစွဲသည့် စိုက်ပျိုးသည့်တောင်သူများ လက်ဝယ်သို့ရောက်ရှိရေး၊ သီးနှံစိုက်ပျိုးရာ၌ သီးနှံများအား ပန်းတိုင်အထွက်နှုန်းရရှိရေး၊ တစ်နှစ်လျှင် သုံးသီး ရာသီအလိုက်စိုက်ပျိုးနိုင်ရေး၊ စိုက်ပျိုးရေရရှိရေး၊ အထွက်နည်းလမ်းများနှင့် ဒေသတွင်း၌ စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံများကို တိုးချဲ့စိုက်ပျိုးကြရန် ဆွေးနွေးမှာကြားခဲ့သည်။

ထို့နောက် စလင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုဦးစီးမှူး ဒေါ်မိုးမိုးကြည်က ဒေသခံတောင်သူများအား အသိပညာပေးဆွေးနွေးရာ မျိုး၊ မျိုးစေ့နှင့် သီးနှံစေ့၊ မျိုးကောင်းမျိုးသန့်၊ အရည်အသွေးကောင်းမျိုးစေ့အသုံးပြုစိုက်ပျိုးခြင်းဖြင့် ရရှိနိုင်သည့်အကျိုးကျေးဇူးများ၊ မျိုးစေ့အဆင့်သတ်မှတ်ခြင်းနှင့် မျိုးသေပွားများရေးအတွက် တာဝန်ယူဆောင်ရွက်ပုံအဆင့်ဆင့်၊ မျိုးစေ့အရည်အသွေးထိန်းသိမ်းရေးအတွက် ဆောင်ရွက်သည့်လုပ်ငန်းစဥ်များ၊ မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်ရမည့် လုပ်ငန်းအဆင့်ဆင့် အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့သည်။

ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးအရာရှိ ဦးဇော်လင်းက ဒေသခံတောင်သူများနှင့်တွေဆုံရာတွင် ဓာတ်မြေသြဇာသွင်းအားစုများနှင့် မိုးစပါးစိုက်ပျိုးတောင်သူများအား စိုက်ပျိုးလွယ်ကူစွာဖြင့် အသုံးပြုပုံများကို မေးမြန်းရာ ကြဲပက်စိုက်ပျိုးရေးနည်းစနစ်ကို အသုံးပြုကြပြီး ဆောင်ရွက်လုပ်ကိုင်ရာတွင် အလုပ်သမားသက်သာ၍ ထိုနည်းစနစ်ကိုသုံးစွဲကြကြောင်းနှင့် တောင်သူများ၏ တင်ပြချက်များကိုလည်း စိုက်ပျိုးရေးဦးစီးအရာရှိမှ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးနောက် ဒေသခံတောင်သူများအား လက်ဆွဲကောက်စိုက်စက်ဖြင့် အသုံးပြုပုံ ဆောင်ရွက်နည်းစနစ်များကို သရုပ်ပြသဆောင်ရွက်နေမှုများအား ဒေသခံတောင်သူများမှ လေ့လာကြည့်ရှုခဲ့ကြသည်။ တောင်သူများနှင့် တွေ့ဆုံအသိပညာပေးဆွေးနွေးပွဲသို့ ဒေသခံတောင်သူ  (၂၆)ဦး တက်ရောက်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

မောင်လွင်(စလင်း)