ဒေးဒရဲ ဩဂုတ် ၂၈
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီက ဓနှုံးကုန်းကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဝင်းက မြန်မာအီလက်ထရောနစ် မဲပေးစက်သည် ရိုးရှင်းလွယ်ကူပြီး လုံခြုံစိတ်ချရသည့် စနစ်ဖြစ်ကာလွတ်လပ်၍ တရားမျှတသော၊ ပွင့်လင်းမြင်သာမှုရှိသော ရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေး ကြီးမားသောအထောက်အကူဖြစ်စေပြီး တက်ရောက်လာသူများအနေဖြင့် ယခုလက်တွေ့စမ်းသပ်မဲပေးခြင်းမှရရှိသည့် အတွေ့အကြုံများကို မိမိပတ်ဝန်းကျင်သို့ ထပ်ဆင့်မျှဝေပေးသွားကြရန်နှင့် ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းများအား ရှင်းလင်းဆွေးနွေးခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိ ဦးအောင်မြတ်သူက မြန်မာအီလက်ထရောနစ်မဲပေးစက် စနစ်တကျအသုံးပြု၍ ဆန္ဒမဲပေးခြင်းလုပ်ငန်းဆိုင်ရာများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်တက်ရောက်လာသည့် ဓနှုံးကုန်းကျေးရွာအုပ်စုအတွင်းရှိ မဲဆန္ဒရှင်ပြည်သူများက မြန်မာအီလက်ထရောနစ်မဲမေးစက်ဖြင့် မဲပေးခြင်းအား စနစ်တကျစုပေါင်း၍ စမ်းသပ်မဲပေးခဲ့ကြောင်း သိရသည်။
အေဇာလင်း(ပြန်/ဆက်)