ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

ဟားခါး သြဂုတ် ၂၈

၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်အစိုးရအဖွဲ့ရုံးရှိ ပြည်နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ကျင်းပရာ ချင်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ဝုန်ဆွန်းထန်၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဦးနေစိုး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး ခင်မောင်ထွေး၊ သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်း၊ လမ်းပန်း ဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစိန်ထွန်းလှ၊ ပြည်နယ် ဥပဒေချုပ် ဦးဆွန်ဒုတ်ကျင့်၊ ပြည်နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ပညာရေးမှူးများနှင့် ကျောင်းပြင်ပပညာရေးတွင် တာဝန်ထမ်းဆောင်မည့် ကျောင်းဆရာ၊ ဆရာမများ တက်ရောက်ကြကြောင်း သိရသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်က အကြောင်းအမျိုးမျိုးကြောင့် ကျောင်းလုံးဝမနေခဲ့ဖူးသူ၊ ကျောင်းနေသော်လည်း မူလတန်းပညာမပြီးမီ ကျောင်းစောထွက်ခဲ့သူ၊ အသက် (၁၀) နှစ်မှ (၁၄)နှစ် သက်ငယ်အုပ်စုများနှင့် အခြေခံပညာအလယ်တန်းဆင့် ပြီးမြောက်အောင် မသင်ယူနိုင်ခဲ့သော အသက်(၁၃)နှစ်မှ (၁၈)နှစ်ကြား လူငယ်များအတွက်ရည်ရွယ်ပြီး  ကျောင်းပြင်ပ ပညာရေးကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ပါကြောင်း၊ ချင်းပြည်နယ်အတွင်း ပုံမှန်အားဖြင့် နှစ်စဉ်ကျောင်းသားဦးရေ တစ်သိန်းကျော် အခြေခံပညာသင်ကျောင်းများတွင် တက်ရောက်ပညာသင်ကြားနိုင်ခဲ့သော်လည်း ၂၀၁၉ နောက်ပိုင်းနှစ်များတွင် အကြောင်းအမျိုးမျိုး ကြောင့် ကျောင်းတက်နှုန်းလျော့နည်းလာသည်ကိုတွေ့ရှိရပြီး ယခုနှစ်တွင်ကျောင်းသားပေါင်း (၂၅၇၆၃)သာ ကျောင်းတက်ရောက်နေသည်ကို တွေ့ရှိရကြောင်း၊ ယခုဖွင့်လှစ်သည့် ကျောင်းပြင်ပ ပညာရေးနေ့သင်တန်းသည် သက်ငယ်အုပ်စုများနှင့် လူငယ်အုပ်စုများအတွက် ရတောင့်ရခဲသည့် အခွင့်အရေးဖြစ်ပါကြောင်း၊ တက်ရောက်ပညာသင်ယူမည့် ကျောင်းသား၊  ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ကျေးဇူးသစ္စာကိုစောင့်သိရမည်ဖြစ်ပြီး ပညာကိုတန်ဖိုးထားကာ ကြိုးစားသင်ယူကြစေလိုကြောင်း၊ ယခုဖွင့်လှစ်သည့် ကျောင်းပြင်ပပညာရေးကို ချင်းပြည်နယ်အတွင်းရှိ အခြားသင့်တော် သည့်နေရာများတွင်လည်း ထပ်မံဖွင့်လှစ်နိုင်ရေး ဆက်လက်ကြိုးစားစောင်ရွက်မည်ဖြစ်ကြောင်းနှင့် ကျောင်းပြင်ပပညာရေးကောင်အထည်ဖော်ဆောင်ရွက်နိုင်အောင် ကြိုးစားပမ်းစားဆောင်ရွက်နေကြ သူများအားလုံး အသိအမှတ်ပြုပါကြောင်းဖြင့် အမှာစကားပြောကြားသည်။

ယင်းနောက် ခေတ္တလူမှုရေးရာဝန်ကြီး ဦးစိန်ထွန်းလှနှင့် ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးကောလ်လျန်ထန်းတို့က အမှာစကားပြောကြားကြပြီး ချင်းပြည်နယ်ပညာရေးမှူး ဦးဘီကူးဒူက ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကျောင်းပြင်ပပညာရေးနှင့်ပတ်သက်၍ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်မည့် ပုဂ္ဂိုလ်များအား ချီးမြှင့်ငွေပေးအပ်ရာ ကိုယ်စားတစ်ဦးက လက်ခံရယူပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးကြကာ ပြည်နယ်ဝန်ကြီးချုပ်က အခမ်းအနားတက်ရောက်လာကြသူများအား အားပေးစကားပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)