ရွှေတောင် ဩဂုတ် ၂၈
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ကိုင်တွယ်အသုံးပြုနည်း မဲပေးခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသင်တန်းကို ယမန်နေ့ နေ့လယ်ပိုင်းက ရွှေတောင်မြို့နယ် အမှတ် (၁၄) ခြေမြန်တပ်ရင်း၌ကျင်းပသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဒေါ်သဲစုခိုင်စိုးက အီလက်ထရောနစ်မဲပေးစက်အကြောင်းနှင့် ပတ်သက်၍ ဥပဒေ၊ နည်းဥပဒေများနှင့် လုပ်ငန်းလက်စွဲများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံများ၊ မဲပေးစက်တပ်ဆင်နေရာချထားခြင်းနှင့် မဲပေးခြင်းဆိုင်ရာကိစ္စရပ်များ၊ မဲပေးစက်မှ မဲရလဒ်များထုတ်ယူ ရေတွက်ပုံအဆင့်ဆင့်များ၊ မဲပေးစက်အသုံးပြုခြင်း၏ အကျိုးကျေးဇူးများနှင့် လုံခြုံစိတ်ချရမှုအခြေအနေများ စသည်တို့ကို ရှင်းလင်းပြောကြားခဲ့သည်။
သင်တန်းသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၊ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ အမှတ် (၁၄) ခြေမြန်တပ်ရင်းမှ အရာရှိစစ်သည်များ၊ ရဲဘော်များ၊ ရဲမေများ၊ မိသားစုဝင်များ စုစုပေါင်း အင်အား(၁၃၁)ဦးခန့် တက်ရောက်ခဲ့ကြပြီး အီလက်ထရောနစ်မဲပေးစက်ကိုင်တွယ် အသုံးပြုပုံနည်းအဆင့်ဆင့်တို့ကို လက်တွေ့စမ်းသပ်မဲပေးခြင်းနှင့် သိရှိလိုသည်များကိုမေးမြန်းရာ မေးမြန်းခြင်းများအပေါ် ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)