ဘားအံမြို့၌ ဒစ်ဂျစ်တယ်အသိပညာခံယူချက်နှင့်အလေ့အကျင့်ဆိုင်ရာ သင်တန်းဖွင့်

ဘားအံ    ဩဂုတ်  ၂၇

ကရင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အထူးရန်ပုံငွေ(၂၀၂၄)ဖြင့် အသေးစားစက်မှုလက်မှုလုပ်ငန်းရှင် ၂၀ ကို ဒစ်ဂျစ်တယ်အသိပညာခံယူချက်နှင့် အလေ့အကျင့်ဆိုင်ရာသင်တန်းကို ယမန်နေ့က ဘားအံမြို့နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန Incubation Center ၌ ကျင်းပခဲ့ကြောင်း သိရသည်။

သင်တန်းဖွင့်ပွဲတွင် ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှူး‌ ဒေါက်တာကြူကြူလှိုင်က သင်တန်းရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး စားသုံးသူရေးရာဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူးက ကုန်အညွှန်းအမှတ်တံဆိပ်ဆောင်ရွက်ပုံအဆင့်ဆင့်ကိုလည်းကောင်း၊ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ နည်းပြများက ဈေးကွက်သို့ ဝင်ရောက်ရောင်းချနိုင်ရေးအတွက် ဌာနမှရေးဆွဲထားသော e-commerce Website သို့ ဝင်ရောက်နည်းနှင့် မှတ်ပုံတင်ပြုလုပ်ပုံအဆင့်ဆင့်တို့ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)