စာပေသည် နိုင်ငံနှင့်လူမျိုးအတွက်အသက်ဖြစ် သလို လူငယ်များအနေဖြင့် စာအုပ်စာပေဖတ်ရှုကြရန်လိုအပ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ပြောကြား

ထားဝယ်       ဩဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ စီမံမှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပညာရေးဌာနတို့ ပူးပေါင်း၍ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲ က ထားဝယ်မြို့ အမှတ်(၅)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ကျင်းပသည်။

အခမ်းအနားတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကိုက စာပေသည်လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်ဖြစ်ပြီး စာအုပ်မျိုးစုံသည် လူသားများ၏ခေတ်ကြေးမုံပြင်ဖြစ်ကြောင်း၊ စာအုပ်စာပေသည်လူသားများ အတွက် မိတ်ဆွေကောင်းဖြစ်ပြီး စာပေမြင့်လာသည်နှင့်အမျှ လူမျိုးလည်းတင့်တယ်ဝင့်ကြွားလာမည်ဖြစ်ကြောင်း၊ စာပေသည် နိုင်ငံနှင့်လူမျိုးအတွက်အသက်ဖြစ်သလို လူငယ်များအနေဖြင့်စာအုပ်စာပေ ဖတ်ရှုကြရန်လိုအပ်ကြောင်း၊  နိုင်ငံတော်က လူငယ်များစာပေဖတ်ရှုကြသည့်အလေ့ အထဖြစ်ပေါ်လာရန် စာကြည့်တိုက်များ ဖွံ့ဖြိုးရေးနှင့် စာပေဝန်းကျင်ကောင်းများဖြစ်ထွန်းလာစေရန် အစဉ်အမြဲ ဖန်တီးဖော် ဆောင်ပေးလျက်ရှိကြောင်း၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများကလည်း နေ့စဉ်လူမှုဘဝတွင် ကောင်းသော တွေးတောဆင်ခြင်မှုနှင့်ကောင်းသောအပြုမှုများ လုပ်ဆောင်နိုင်ရန်အတွက် စာပေ အမျိုးမျိုးကို အခါအခွင့်သင့်သလို ဖတ်ရှုလေ့လာရန် လိုအပ်ကြောင်း၊  စာအုပ်စာပေဖွံ့ဖြိုးရေးအတွက် စာဖတ်သူများအနေဖြင့် မဖတ်ရသေးသော စာအုပ်မှန်လျှင်အသစ်ဟူသောသဘောဖြင့် လွယ်လင့်တကူဖတ်ရှုနိုင်သော စာအုပ်ဆိုင်များနှင့်စာကြည့်တိုက်များရှိနေပြီ ဖြစ်ကြောင်း၊  မျက်မှောက်ကာလတွင်ခေတ်နှင့်အညီ တိုးတက်လာသော ဆန်းသစ်သည့်နည်းပညာများ ပေါ်ထွန်းလာမှုကြောင့် မြန်မာနိုင်ငံ အနေဖြင့် စာအုပ်စာပေဖွံ့ဖြိုးမှုနှင့် စာဖတ်သည့်အလေ့အထ အားနည်းသော်လည်း ဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံများတွင် စာအုပ်စာပေ ဖွံ့ဖြိုးမှုနှင့် စာအုပ်စာပေဖတ်ရှုသည့်အလေ့အထများအားကောင်းနေဆဲဖြစ်ကြောင်း၊ စာပေဖတ်ရှုခြင်း၏အကျိုးရလဒ်သည် တိုင်းပြည်နှင့်လူမျိုးအတွက် အကျိုးစီးပွားဖြစ်ထွန်းစေသောကြောင့် နည်းပညာများမည်သို့ပင် တိုးတက်စေကာမှု စာဖတ်သည့်အလေ့အထများ ပြန်လည်ထွန်းကားအောင်ကြိုးပမ်းဆောင်ရွက်ရန်လိုအပ်ကြောင်း၊ သို့ဖြစ်ရာ စာပေသည်လူမျိုး၏ ယဉ်ကျေးမှုမဏ္ဍိုင်၊ စာအုပ်မျိုးစုံသည်လူသားများ၏ ခေတ်ကြေးမုံ၊ စာအုပ်စာပေသည် လူသားများအတွက်မိတ်ဆွေကောင်းဖြစ်၍ စာအုပ်စာပေဖွံ့ဖြိုးရေးနှင့်စာဖတ်သည့်အလေ့အထများ တိုးတက်ရှင်သန်ထွန်းကားရေးအတွက် ပါဝင်ကြိုးပမ်းဆောင်ရွက်ကြကာ စာပေဖြင့်ကောင်းကျိုးဆောင်ကြဉ်းပြီး နိုင်ငံနှင့်လူမျိုးဂုဏ်ကို မြှင့်တင်ကြရန်လိုအပ်ကြောင်းပြောကြားသည်။

ထို့နောက်တိုင်းဒေသကြီးဝန်ကြီးချုပ်ကလူငယ်စာပေဆွေးနွေပေးသော စာရေးဆရာမ နုနှင်းသစ်နှင့် ကျောင်းသား ကျောင်းသူလေးဦးတို့အားဂုဏ်ပြုဆုချီးမြှင့်ပြီး ကျပန်းစကားပြောပြိုင်ပွဲ(အထက်တန်း) အဆင့်ဆုရ ကျောင်းသားကျောင်းသူငါးဦး၊ တိုင်းဒေသကြီးစီးပွားရေးရာဝန်ကြီးဦးမောင်ကြီး က  စာစီစာကုံး (အထက်တန်း) အဆင့်ဆုရ ကျောင်းသားကျောင်းသူငါးဦး တို့ကို ဆုချီးမြှင့်သည်။

ဆက်လက်၍ တိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီးဦးခင်မောင်မြင့်က စာဖတ်စွမ်းရည် (အလယ်တန်း) အဆင့်ဆုရကျောင်းသားကျောင်းသူငါးဦး၊ တိုင်းဒေသကြီးလမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်လှိုင်က စာစီစာကုံး(အလယ်တန်း)အဆင့်ဆုရ ကျောင်းသားကျောင်းသူငါးဦး၊ တိုင်းဒေသကြီးတိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာက ပုံပြင်ပြောပြိုင်ပွဲ(မူလတန်း)အဆင့် ဆုရ ကျောင်းသားကျောင်းသူငါးဦးတို့ကို  ဆုများပေးအပ်ချီးမြှင့်သည်။

ယင်းနောက် တိုင်းဒေသကြီးဥပဒေချုပ်ဦးအုန်းသန်း၊ တိုင်းဒေသကြီးအတွင်းရေးမှူးဦးအောင်ချို၊ အမှတ်(၈)စစ်ဆင်ကွပ်ကဲမှု ဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီးသိန်းဇော်မြင့်၊ တိုင်းဒေသကြီးပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးဒေါ်မြင့်မြင့်ခိုင်၊ တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူးဦးဝင်းနောင်တို့က ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ကြသည်။

ထို့နောက် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးပွဲတော်အတွက် အမှတ်(၈)စစ်ဆင်ကွပ်ကဲမှု ဌာနချုပ်၊ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူးဗိုလ်မှူးကြီးသိန်းဇော်မြင့်  က အလှူငွေကျပ် သိန်း ၂၀ ၊ ကျောင်းအကျိုးဆောင် ဦးချစ်ဆန်းမောင်က အလှူငွေကျပ် ၁၅သိန်းနှင့် အထက (၅) ကျောင်းစာကြည့်တိုက်အတွက် တိုင်းဒေသကြီးအမျိုးသမီး ရေးရာအဖွဲ့၊ တိုင်းဒေသကြီးမိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့က စာအုပ်စာစောင်များကိုပေးအပ် လှူဒါန်းရာ ကျောင်းအုပ် ဆရာမကြီးက လက်ခံရယူသည်။

ဆက်လက်၍ဆုရရှိသောကျောင်းသူက ပြိုင်ပွဲဝင်ခေါင်းစဉ်များဖြင့်ပြန်လည်၍သရုပ်ပြပြီး  ဆုရရှိသော ကျောင်းသားကျောင်းသူများ၊ ပါဝင်ယှဉ်ပြိုင်သောကျောင်းသားကျောင်းသူများနှင့် သီဆိုတီးခတ်ပေးသော ဆိုင်းအဖွဲ့တို့အား အလှူရှင်များက ဆုငွေများပေးအပ်ချီးမြှင့်ခဲ့သည်။

တိုင်းဒေသကြီး(ပြန်/ဆက်)