ကျိုက်လတ်မြို့နယ်၌ အိုင်အိုဒင်းချို့တဲ့မှုရောဂါပပျောက်ရေး အာဟာရရက်သတ္တပတ်လုပ်ငန်းများ ဆောင်ရွက်

ကျိုက်လတ် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှု အစီအစဉ်မှ အိုင်အိုဒင်းချို့တဲ့မှုကြောင့် ဖြစ်ပွားသောရောဂါများ ပပျောက်ရေးလှုပ်ရှားမှုအဖြစ် ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဈေးများ၊ ကုန်စုံဆိုင်များတွင် အိုင်အိုဒင်းဆားရောင်းချမှု၊ အရည်အသွေး စစ်ဆေးခြင်းနှင့် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် စည်ပင်သာယာရေးအဖွဲ့ ဝန်ထမ်းများပူးပေါင်း၍ မြို့မဈေးတွင်းနှင့် ဈေးပြင်ပရှိ ကုန်စုံဆိုင်များ၌ ရောင်းချသော အိမ်သုံးဆားများတွင် အိုင်အိုဒင်း အရည်အသွေး ပြည့်မီမှု ရှိ ၊မရှိ စစ်ဆေးခဲ့ကြပြီး၊ အရည်အသွေးပြည့်မီသော ဆားများကိုသာရောင်းချရန်၊ အိုင်အိုဒင်းဓာတ် လေလွှင့်ဆုံးရှုံးမှုမရှိရေး လုံခြုံစွာဖုံးအုပ်အသုံးပြုကြရန်တို့ကို အသိပညာပေး ဆောင်ရွက်ခဲ့သည်။

အဆိုပါ အိုင်အိုဒင်းဓာတ်သည် ခန္ဓာကိုယ်ကြီးထွားစေခြင်း၊ ဉာဏ်ရည်ဖွံ့ဖြိုးစေခြင်းတို့အတွက် အရေးပါသော သိုင်းရွိုက်ဟော်မုန်း ထုတ်လုပ်ရာတွင် မရှိမဖြစ်သည့် အဏုအာဟာရဓာတ်တစ်ခုဖြစ်ကြောင်း၊ အိုင်အိုဒင်းဓာတ်ချို့တဲ့ပါက ကိုယ်ဝန်ဆောင်မိခင်များတွင် သားပျက်၊ သားလျှောခြင်း၊ ကလေးအသေမွေးဖွားခြင်း၊ ကလေးများ ခန္ဓာကိုယ်ကြီးထွားမှု နှေးကွေးခြင်း၊ ဉာဏ်ရည်နိမ့်ပါးခြင်းနှင့် ကလေး၊ လူကြီးမရွေးလည်ပင်းကြီးရောဂါခံစားရခြင်း၊ သွက်လက်မှုမရှိဘဲ ထုံထိုင်းနှေးကွေးခြင်းစသည့် ရောဂါများခံစားရနိုင်ကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ် (ပြန်/ဆက်)