အစိုးရစက်မှုလက်မှုသိပ္ပံ(ဘားအံ)၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ပွဲ ကျင်းပ

ဘားအံ ဩဂုတ် ၂၇

ကရင်ပြည်နယ် အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) ၏ မိုးရာသီဖူဆယ်အားကစားပြိုင်ပွဲ ဗိုလ်လုပွဲစဉ်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဩဂုတ်လ ၂၆ ရက်နေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့၊ အမှတ် (၅) ရပ်ကွက်ရှိ ပြည်နယ်ဖူဆယ်အားကစားခန်းမ၌ ကျင်းပသည်။

ဦးစွာ ဗိုလ်လုပွဲစဉ်အဖြစ် အစိုးရစက်မှုလက်မှုသိပ္ပံ (ဘားအံ) ၏ Civil အသင်းနှင့် Mechanical အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြရာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ၊ ဆရာ၊ ဆရာမများ၊ အားကစားဝါသနာရှင်များ ကြည့်ရှုအားပေးခဲ့ကြပြီး အဆိုပါပွဲစဉ်တွင် ပွဲကစားချိန်အတွင်း တစ်ဖက် (၂) ဂိုးစီဖြင့် သရေကျနေခဲ့ကာ အချိန်ပိုတွင် Mechanical အသင်းက အနိုင်ဂိုးသွင်း၍ (၃) ဂိုး (၂) ဂိုးဖြင့် အနိုင်ရဗိုလ်စွဲခဲ့သည်။

ဗိုလ်လုပွဲစဉ်အပြီးတွင် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ပြည်နယ် ဝန်ကြီးများက ဂိုးသွင်းအများဆုံးဆု၊ ပွဲစဉ်တစ်လျှောက်အကောင်းဆုံးအားကစားသမားဆုနှင့် နေရာအလိုက်အကောင်းဆုံးအားကစားသမားဆုများကို ပေးအပ်ချီးမြှင့်ပြီး ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်က ဒုတိယဆုရရှိသော Civil အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့်ဆုဖလားတို့ကို ပေးအပ်ချီးမြှင့်ကာ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အနိုင်ရဗိုလ်စွဲသွားသော Mechanical အသင်းအား တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆုနှင့် ဆုဖလားတို့ကို ပေးအပ် ချီးမြှင့်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ် ဦးညွန့်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်မည့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာ ဖိုရမ်အခမ်းအနားသို့တက်ရောက်မည့် ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ဩဂုတ်လ ၂၇ ရက်နေ့ မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ (၂) ၌ လက်ခံတွေ့ဆုံခဲ့ကြသည်။

ထိုသို့တွေ့ဆုံရာတွင် ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့က တစ်ဦးချင်းမိတ်ဆက်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်အဖွဲ့ကို လူမှုရေးရာဝန်ကြီးဦးဆောင်၍ အဖွဲ့ဝင် (၁၇) ဦး တက်ရောက်ကြမည်ဖြစ်ရာ နိုင်ငံတကာရေးရာ၊ ပထဝီနိုင်ငံရေး အမျိုးသားမဟာဗျူဟာနှင့် ပတ်သက်သည့် အခြေခံအသိပညာဗဟုသုတများရရှိစေရန်နှင့် လူငယ်များအကြားခေါင်းဆောင်မှု၊ စူးစမ်းစဉ်းစားနိုင်မှုနှင့် ဆက်သွယ်ရေး ကျွမ်းကျင်မှုအရည်အချင်းများ မြှင့်တင်ရန်ဖြစ်သည့်အတွက် စိတ်ပါဝင်စားစွာ ဆွေးနွေးကြစေလိုကြောင်း၊ မိမိတို့ဆွေးနွေးရမည့် ဆွေးနွေးပွဲခေါင်းစဉ်မျာကိုလည်း ကြိုတင်လေ့ကျင့်ပြင်ဆင်ထားပြီးဖြစ်သည့်အတွက် ကရင်ပြည်နယ်၏ ဂုဏ်ကို မြှင့်တင်နိုင်အောင် ကြိုးစားဆွေးနွေးကြစေလိုကာ ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်အဖွဲ့အနေဖြင့် မြန်မာ့အနာဂတ်မျက်နှာစာ လူငယ်မဟာဗျူဟာဖိုရမ်-၂၀၂၅ တွင်ရရှိသည့်အတွေ့အကြုံများကို မှတ်သားထားပြီး မိမိပြည်နယ်ရှိ လူငယ်များကို ထပ်ဆင့်လက်ဆင့်ကမ်း ပြန်လည်မျှဝေပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က ကရင်ပြည်နယ်လူငယ်ကိုယ်စားလှယ်အဖွဲ့အား ငွေကျပ် ၉၃၈၁၀၀ဝ ကို ချီးမြှင့်ပေးအပ်ပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဖိုရမ်အခမ်းအနားသို့ တက်ရောက်မည့် ကရင်ပြည်နယ် လူငယ်ကိုယ်စားလှယ်အဖွဲ့အား ရင်းနှီးနွေးထွေးစွာတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

စောမျိုးမင်းသိန်း(ပြန်/ဆက်)