ကျွန်းစုမြို့တွင် ကျောင်းကျန်းမာရေး အသိပညာပေးဟောပြော၊ သံချဆေးတိုက်ကျွေး

ကျွန်းစု ဩဂုတ် ၂၇

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ကျောင်းကျန်းမာရေးအသိပညာပေး၍ သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၁၀ နာရီခွဲက အ.ထ.က ကျွန်းစုကျောင်း၌ ဆောင်ရွက်သည်။

ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာရဲမင်းဦးက မိုးရာသီတွင် အဖြစ်များသော ရောဂါများ၊ ဝမ်းပျက်ဝမ်းလျှောရောဂါ၊ သွေးလွန်တုပ်ကွေး၊ သန့် (၄) သန့် (အစာသန့်၊ လက်သန့်၊ အိမ်သာသန့်၊ ရေသန့်) စသည့် အမူအကျင့်ကောင်းများကို လိုက်နာကျင့်သုံးကြရန်တို့ကို အသိပညာပေးပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများအား သံ‌ချဆေး တိုက်ကျွေးခဲ့သည်။

ထို့နောက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ‌ဒေါက်တာရဲမင်းဦးနှင့် ကျန်းမာရေးဆရာမများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့တို့မှ တာဝန်ရှိသူများက KG ကလေးများအား သွားကျန်းရေးဆိုင်ရာများနှင့် ပတ်သက်သည့်များကို အသိပညာပေးပြောကြားခဲ့ပြီး ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက အခမဲ့ဖြန့်ဝေသော သွားတိုက်ဆေး၊ သွားတိုက်တံတို့အား ပေးအပ်ခဲ့ကာ KG ကလေးများအား သံချဆေးတို့ကို စနစ်တကျ တိုက်ကျွေးခဲ့ကြကြောင်း၊ အလားတူ အဆိုပါကျောင်းအတွင်းရှိ မူလတန်းကလေးများအား ကျောင်းကျန်းမာရေးဆိုင်ရာများနှင့် တစ်ကိုယ်ရေးသန့်ရှင်းရေး၊ သံချဆေးကျွေးခြင်းနှင့်ပတ်သက်သည်များကို အသိပညာပေးပြောကြားခဲ့ကာ သံချဆေးတိုက်ကျွေးခဲ့ကြကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)