ဘိုကလေး ဩဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ မြို့တော်ခန်းမတွင် ယနေ့ညနေ (၃)နာရီ အချိန်၌ ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါးစိုက်ပျိုးတောင်သူများအား ဈေးနှုန်းသက်သာစွာဖြင့် သွင်းအားစု ဓာတ်မြေဩဇာများ ဖြန့်ဖြူးပေးအပ်သည့် အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦး၊ ဘိုကလေးမြို့နယ်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၊ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးဇော်ဝင်းလှိုင်နှင့် ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆန်စပါးလုပ်ငန်းရှင်များ၊ တောင်သူများ အင်အား(၂၀၀)ခန့် တက်ရောက်ကြပြီး ဖျာပုံခရိုင်၊ စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ၊ ဦးဇော်လွင်ဦးက နိုင်ငံတော်အနေဖြင့် ၂၀၂၅- ၂၀၂၆ ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော မိုးစပါး စိုက်ပျိုးတောင်သူများအား သွင်းအားစုစရိတ်နည်းပါးစေရေးအတွက် ယခုကဲ့သို့ ဓာတ်မြေ ဩဇာများအား ဈေးနှုန်းသက်သာစွာ ဖြန့်ဖြူးပေးခြင်းဖြစ်သည့်အတွက် တောင်သူများအနေဖြင့် ဖြန့်ဖြူးပေးသည့်အတွက် သွင်းအားစုများအား အကျိုးရှိစွာ အချိန်ကိုက် အချိုးကျ ထည့်သွင်း ဆောင်ရွက်ကြရန် အမှာစကားပြောကြားသည်။
ဆက်လက်၍ ဘိုကလေးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးကျော်ညီညီထွဋ်က သွင်းအားစုပေးအပ်ပွဲနှင့်ပတ်သတ်သည်များအား ရှင်းလင်းပြောကြားပြီး တာဝန်ရှိသူများက ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါးရာသီ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် ဆောင်ရွက်ခြင်းမရှိသော ကျေးရွာအုပ်စုများမှ မိုးစပါးစိုက်ပျိုးတောင်သူများအား စုစုပေါင်း ဓာတ်မြေဩဇာ (၃၇၁၈) အိတ်၊ ကွန်ပေါင်း (၁၄၂၂) အိတ်အား ဈေးနှုန်းသက်သာစွာဖြင့် ဖြန့်ဖြူးပေးအပ်ခဲ့ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)