ကန်ကြီးထောင့်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ကန်ကြီးထောင့် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်ပိုင်းက ဝက်ထိုးကျေးရွာ၊ အခြေခံပညာ အထက်တန်း ကျောင်း(ခွဲ)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာအခမ်းအနားတွင် ဒုတိယမြို့နယ်ပညာရေးမှူး ဦးအောင်သန်းစိုးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက ကျောင်းသား၊ ကျောင်းသူလူငယ်မောင်မယ်များ အသိပညာများတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲရှိတတ်စေရန်၊ ကိုယ်ရည်ကိုယ်သွေးမြင့်မားလာစေရန်၊ လူငယ်အချင်းချင်းရင်းနှီးချစ်ခင်မှုများ တိုးပွားလာစေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် ရည်ရွယ်၍ ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး စကားဝိုင်းဆွေးနွေးပွဲအား စတင်ကျင်းပရာ အထက်တန်းပြဆရာ ဦးနိုင်လင်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ခဲ့ပြီး Grade-11 မှ မောင်ခန့်မင်းထက်က လူငယ်နှင့် အားကစားခေါင်းစဉ်ဖြင့်လည်းကောင်း၊ မောင်သီဟဇော်က လူငယ်နှင့်မူးယစ်ဆေးခေါင်းစဉ်ဖြင့် လည်းကောင်း၊ Grade-10 မှ မောင်ရဲရင့်ရှိုင်းက လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်ဖြင့်လည်းကောင်း၊ Grade-11 မှ မပြည့်ပြည့်စိုးက လူကုန်ကူးမှုတိုက်ဖျက်ရေး‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မပြည့်ဘုန်းစံက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်းစသည်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ဇင်မာဦးက လိုအပ်သည်များကို ဖြည့်စွက်ဆွေးနွေးခဲ့သည်။

ထို့နောက် ကျောင်းအုပ်ဆရာမကြီး ဒေါ်နုနုလှိုင်က လူငယ်စကားဝိုင်း ကျင်းပပေးခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင်စကားအား ပြောကြားခဲ့သည်။ အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့်တာဝန်ရှိသူများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများက တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်ဇင်စိုး