ဓနုဖြူ သြဂုတ် ၂၇
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် မြို့နယ်ပညာရေးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက် (၁၇) နှစ်အောက် အမျိုးသားဘောလုံးပြိုင်ပွဲဖွင့်ပွဲ အခမ်း အနားကို ယမန်နေ့မွန်းလွဲပိုင်းက မြို့နယ်အားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်က အဖွင့်အမှာစကားပြောကြားရာ ယနေ့ကျင်းပတဲ့ဘောလုံးပြိုင်ပွဲကို ဓနုဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ အားကစားသမားများအချင်းချင်း ချစ်ကြည်ရင်းနှီးမှု ခိုင်မာလာစေရေး၊ မြို့နယ်တွင်းအားကစားသမားများ အပြန်အလှန်ပူးပေါင်း ဆောင်ရွက် လာနိုင်စေရေးအစရှိတဲ့ ရည်ရွယ်ချက်များအပြင် ဓနုဖြူမြို့နယ်ကိုယ်စားပြု ထူးချွန်ထက်မြက်တဲ့ ဘောလုံးအားကစားသမားများ ပေါ်ထွက်လာစေရေးကို ရည်ရွယ်ပြီး ကျင်းပပြုလုပ်တဲ့ ပြိုင်ပွဲဖြစ်သည့်အတွက် ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများဟာ အားကစားသမား ကောင်းပီသစွာ ယှဉ်ပြိုင်ကစားကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း အမှာစကား ပြောကြားသည်။
ထို့နောက် စစ်ကြောင်းမှူး ဦးဆောင်၍ အားကစားသမားများက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌအားအလေးပြုပြီး အားကစားသစ္စာအဓိဋ္ဌာန်(၄)ချက် ရွတ်ဆို ခဲ့ကြသည်။ ဆက်လက်၍ အ.ထ.က(၁)ကျောင်းသူလေးများက ပန်းပွားအကများ၊ Fitness Dance အကများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ကြရာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြင့်ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မိုးလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ဘောလုံးအသင်း အုပ်ချုပ်သူနည်းပြများ၊ ဘောလုံး ပြိုင်ပွဲဝင် အားကစားသမားများတက်ရောက်ခဲ့ပြီး၊ အခြေခံပညာကျောင်းပေါင်းစုံ ဘောလုံးပြိုင်ပွဲ အုပ်စု(က)တွင် အ.ထ.က(၁)၊ နှဲကြိုး၊ ပြင်ကသာ၊ တော်ဝ၊ အလမျိုး၊ အုပ်စု(ခ)တွင် အ.ထ.က(၂)၊ ဆကာကြီး၊ ကျုံတနီး၊ ရေလဲ၊ စံကင်း စသည့် အသင်း(၁၀)သင်းဖြင့် သြဂုတ်လ(၂၆)ရက်နေ့မှ စက်တင်ဘာ(၁၀)ရက်နေ့အထိ ယှဥ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ပြည့်ဖြိုးဇော်