ကျုံပျော်ခရိုင် အောင်ပွဲရအမျိုးသမီးဘောလုံးအသင်းအား ကြိုဆိုဂုဏ်ပြု

ကျုံပျော် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား (၈)ခရိုင်  အသက်(၂၅)နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲတွင်  အောင်ပွဲရရှိခဲ့သော ကျုံပျော်ခရိုင်အသင်းအား ကြိုဆိုဂုဏ်ပြုပွဲကို ဧရာဝတီတိုင်းဒေသကြီး  ကျုံပျော်ခရိုင် ကျုံပျော်မြို့တွင် ယမန်နေ့နံနက် ၁၁ နာရီ အချိန်က ပြုလုပ်သည်။

ဦးစွာ  ပထမဆုဖလား ရယူလာသော ကျုံပျော်ခရိုင် အမျိုးသမီးဘောလုံးအသင်းအား ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်တီဥက္ကဋ္ဌ  ဦးစောထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊  မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဂုဏ်ပြုပန်းကုံးစွပ်ခြင်း၊ သပြေခက်များ၊ အောင်ပန်းများ ချီးမြှင့်ခြင်းတို့ဖြင့်  သောင်းသောင်းဖျဖျ ကြိုဆိုကြသည်။

ထို့နောက် ဂုဏ်ပြုပွဲကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ရာ ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစောထွန်းဝင်းက အားကစားစိတ်ဓာတ်အပြည့်ဖြင့်ယှဉ်ပြိုင်ပြီး ခရိုင်ဂုဏ်ကို မြှင့်မားအောင်စွမ်းဆောင်ကာ ပထမဆုရယူနိုင်ခဲ့သည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း အဖွင့်အမှာစကားပြောကြားသည်။ ယင်းနောက် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနဦးစီးမှူး ဦးဝင်းနိုင်က ပြိုင်ပွဲတစ်လျှောက် ယှဉ်ပြိုင်ခဲ့မှုများအား ရှင်းလင်းတင်ပြပြီး ခရိုင်စီမံခန့်ခွဲ‌ရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌထံသို့ အောင်ပွဲရ ဒိုင်းဆုအား အပ်နှံခဲ့သည်။

ဆက်လက်၍  အားကစားသမားတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားပြီး၊   တာဝန်ရှိသူများက အားကစားသမားများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့သည်။ ကျုံပျော်ခရိုင် ဘောလုံးအသင်းအနေဖြင့် ဗိုလ်လုပွဲတွင် ပုသိမ်ခရိုင်အသင်းနှင့် ယှဉ်ပြိုင်ကစားကာ လေးဂိုး - တစ်ဂိုးဖြင့်  အနိုင်ရရှိပြီး ပထမဆုဖလားကို ဆွတ်ခူးခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ဘောလုံးပြိုင်ပွဲများတွင် ကျုံပျော်ခရိုင် အမျိုးသမီးဘောလုံးအသင်းအနေဖြင့် ပထမဆုဖလားကို လေးကြိမ်တိုင်တိုင် ဆက်တိုက်ဆွတ်ခူးရရှိခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)