စလင်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး

စလင်း သြဂုတ် ၂၇

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲတွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးရာသီ စိုက်ပျိုးစရိတ်ချေးငွေများကို ယခင်နှစ် စိုက်ပျိုးစရိတ်ချေးငွေ ပြန်လည်ပေးသွင်းသူ ဒါးဆွယ်ကန်ကျေးရွာအုပ်စုနှင့် သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူများအား ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ချေးငွေထုတ်ချေးပေးခဲ့ကြောင်း သိရသည်။

စလင်းမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေစည်းကမ်းချက်များနှင့်အညီ ချေးငွေထုတ်ချေးသွားမည်ဖြစ်ပြီး အစောဆုံးပြန်လည်ပေးဆပ်ခဲ့သော တောင်သူတစ်ဦးချင်းစီထံသို့ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများကို ဇွန်လ ၁၃ ရက်နေ့မှ စတင်ထုတ်ချေးခဲ့ပေးခြင်းဖြစ်ပြီး ယမန်နေ့တွင် ဒါးဆွယ်ကန်အုပ်စုမှတောင်သူ ၁၁ ဦး၊ သရက်ကုန်းကျေးရွာအုပ်စုမှ တောင်သူ ၄ ဦး၊ စုစုပေါင်း ၁၅ ဦးနှင့်အတူ မိုးရာသီစိုက်ပျိုးစရိတ် မိုးစပါးနှင့် နှမ်းစိုက်ပျိုးလုပ်ကိုင်ရန် ထုတ်ချေးလျက်ရှိရာ မိုးစပါးစိုက်ဧက ၂၄၁၀၊ နှမ်းစိုက်ပျိုးဧက ၆၃ ဧက၊ စုစုပေါင်း ၂၄၇၃ ဧကအတွက် မိုးသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို တောင်သူ၅၈၂ ဦးတို့အား ထုတ်ချေးပေးနိုင်ခဲ့ကြောင်း မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမန်နေဂျာ ဦးဌေးလွင်ထံမှ သိရသည်။   

မောင်လွင်(စလင်း)