မော်လမြိုင်ကျွန်းမြို့နယ်တွင် အာဟာရအသိပညာပေး ဆင့်ပွာသင်တန်းအခမ်းအနားကျင်းပ

မော်လမြိုင်ကျွန်း ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် အာဟာရနှင့် ကျန်းမာရေးအမူအကျင့်ဆိုင်ရာ အသိပညာပေးဆင့်ပွားသင်တန်းအခမ်းအနားကို အမှတ် (၁၁) ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အမျိုးသမီးရေးရာ မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ အဖွဲ့ဝင် ဒေါ်မေဖူးအောင်က အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သဇင်မက ဘဝရှေ့ဆောင် ရက် (၁၀၀၀) ကာလတွင် အမျိုးသမီးများနှင့် ကလေးများ၏ အာဟာရနှင့် စိတ်ပိုင်းဆိုင်ရာသုခချမ်းသာကို မြှင့်တင်ပေးရန်၊ မြန်မာနိုင်ငံရှိ မတူကွဲပြားသော နေရာဒေသများပါမကျန် လူသားချင်းစာနာထောက်ထားမှုအတွက် အသုံးပြုနိုင်ရန်၊ မိခင်များအတွက် စိတ်ပိုင်းဆိုင်ရာ စောင့်ရှောက်မှုများ၊ မီးဖွားရန်ပြင်ဆင်ခြင်း၊ လက်ဆေးခြင်း၊ သွားနှင့်ခံတွင်း သန့်ရှင်းခြင်း၊ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး၏ လိုအပ်ချက်များ၊ ပြုမူကျင့်ကြံနေထိုင်ရန် အမူအကျင့်ကောင်းများ စသည့်တို့ကို projector ဖြင့် အသေးစိတ်ရှင်းလင်း ဆွေးနွေးခဲ့သည်။

ထို့နောက် တက်ရောက်လာကြသော သင်တန်းသူများက သိရှိလိုသည်များ မေးမြန်းကြရာ တာဝန်ရှိသူမှ ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။

ရဲကိုမောင်(ပြန်/ဆက်)