ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားတက်ရောက်

ပုသိမ် ဩဂုတ် ၂၇

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ဧရာရွှေဝါခန်းမတွင်ပြုလုပ်ခဲ့ရာ တွေ့ဆုံပွဲသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ဌာနဆိုင်ရာများနှင့် စက်သုံးဆီအရောင်းဆိုင်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဦးစွာတိုင်းဒေသကြီးဝန်ကြီးချုပ်က “စက်သုံးဆီအရောင်းဆိုင်များအနေဖြင့် စနစ်တကျ သယ်ဆောင်ခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်းများဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ လုပ်ငန်းတိုးချဲ့လိုသဖြင့် လျှောက်ထားတင်ပြရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ တင်ပြဆောင်ရွက်ရန် လိုပါကြောင်း၊ လမ်းများအလိုက် လမ်းနယ်နိမိတ်အကျယ်သတ်မှတ်ချက်အား သိရှိလိုက်နာ ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ မိမိတို့တိုင်းဒေသကြီးသည် စိုက်ပျိုးရေးတိုင်းဒေသကြီး ဖြစ်သည်နှင့်အညီ လယ်ယာလုပ်ငန်းခွင်အတွင်း စက်ယန္တရားများဖြင့် ထွန်ယက်စိုက်ပျိုးခြင်း၊ ရိတ်သိမ်းခြွေလှေ့ခြင်း၊ သယ်ယူပို့ဆောင်ခြင်းလုပ်ကိုင်ရာတွင် လိုအပ်သည့်စက်သုံးဆီများကို  ရောင်းချပေးရန် လိုအပ်မည်ဖြစ်ပါကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့မှ အပတ်စဉ်စိစစ်ထောက်ခံ ပေးလျက်ရှိရာ တရားမဝင်ရောင်းဝယ်ဖြန့်ဖြူးမှုများမရှိစေရေး အလေးထားဆောင်ရွက်ရန်” အမှာစကားပြောကြားသည်။ ထို့နောက်သယံဇာတရေးရာဝန်ကြီး၊ အစိုးရအဖွဲ့အတွင်းရေးမှူး၊ တိုင်းဒေသကြီးလမ်းဦးစီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)၊ တိုင်းဒေသကြီးရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ တိုင်းဒေသကြီးကြီးကြပ်စစ်ဆေးရေးအရာရှိတို့က တိုင်းဒေသကြီးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းများအတွက် စက်သုံးဆီများလုံလောက်စွာ ဖြန့်ဖြူးပေးနိုင်ရေးနှင့် ရည်ညွှန်းသတ်မှတ်ဈေးနှုန်းများနှင့်အညီ ရောင်းချပေးနိုင်ရေး၊ လမ်းအဆင့်အလိုက် နယ်နိမိတ်သတ်မှတ်ချက် များနှင့် တိုင်းဒေသကြီးအတွင်းရှိ လမ်းများ၏ နယ်နိမိတ်သတ်မှတ်ချက်များနှင့် စက်သုံးဆီ ရောင်းဝယ်မှုဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် ကိုးသိန်းစနူကာ အားကစားခန်းမတွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား၊ ခရိုင်ပေါင်းစုံ ဘိလိယက်၊ စနူကာပြိုင်ပွဲ ဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသည့် ပုသိမ်ခရိုင်အသင်းနှင့်ဖျာပုံခရိုင်အသင်းတို့၏ စနူကာပြိုင်ပွဲ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးခဲ့သည်။

လှမင်းထွဋ်